၁၅ နှစ် အိပ်မက်

(၁)
မြင်ကွင်းက လုံးဝမရှင်းပါ။
စူးရှပြင်းထန်လွန်းတဲ့ နေလည်နေ့တစ်နေ့ထဲ ကျွန်တော်ရောက်နေတယ်လို့သိလိုက်ရချိန်မှာ အလွန်ဆူညံထူးဆန်းတဲ့ အသံတွေ နားထဲ ဝင်လာပါတယ်။ လင်ကွင်းကို ခပ်အုပ်အုပ် အားနဲ့ဖိတီးသံ ၊ နှဲကို သံစဉ်မမှန် စူးစူးဝါးဝါး ညှစ်မှုတ်သံ ၊ စည်းချက်မမှန်သလို ဖြစ်ရာကနေ မှန်မှန်သွားတတ်တဲ့ ဝါးလက်ခုပ်သံ ၊ တစ်ချက်ချင်း တစ်ဒေါက်ဒေါက်မြည်နေတဲ့ သစ်သားမောင်းသံ ၊ အဝေးဆီကနေ အမြန်ပြေးလာသလို အနိမ့်အမြင့်မမှန်တဲ့ ဗုံတီးသံများ ၊ တချွင်ချွင် မြည်ဟီးနေတဲ့ စည်းသံများ နဲ့အတူ ခွဲခြားမရတဲ့ ရင်ခေါင်းသံနဲ့အသံနက်ကြီးများ....
(၂)
ဗလုံးဗထွေးစကားပြောသံတစ်ခု ကြားရပြီးနောက် ကျွန်တော်ရောက်နေတဲ့ နေရာကို သိလိုက်ရပါတယ်။
ကျွန်တော်ဟာ အမိုးအကာမဲ့ လွင်ပြင်နေပူကြဲကြဲကြီးအောက်က ရိုးရာပွဲတစ်ပွဲနားရောက်နေတာပါ။ ရုတ်တရပ်ကြီး ကျွန်တော်ဘယ်လိုက ဘယ်လို ရောက်လာသလဲ စဉ်းစားမရ ။ နေပူလွန်းလို့မျက်လုံးကလည်း ဖွင့်ရ ခက်ပြီး မြင်ကွင်းကလည်း ဝါးနေတယ်။ ဖျပ်ခနဲ့ကျွန်တော် သတိရသွားတယ်။ ကျွန်တော့်မှာ မျက်မှန်ပါမလာတော့ဘဲ။
ပွဲတော်အဝင်ဝ စာတန်းတစ်နေရာမှာ ၂၀၀၃-၂၀၀၄ ခုနှစ်က ကျောင်းသားဟောင်းများ ဆုံဆည်းပွဲတဲ့။
ဗုဒ္ဓေါ..ကျွန်တော် အလယ်တန်းကျောင်းသား ဘဝရောက်နေပါလား။
(၃)
ကြည့်ရင်းနဲ့ကျွန်တော့်ရှေ့က လူအုပ်ကြီးထဲမှာ ရန်ဖြစ်ရင်း ထွက်ပြေးလာတဲ့ လူတစ်ယောက်က ကျွန်တော့်ကို အားနဲ့ဝင်တိုက်မိရာကနေ တစ်ပတ်လည်ပြီး လွင့်ကျသွားတယ်။
ဖုန်တွေထဲကနေ ထဖို့ပြင်တော့ ကျွန်တော့်အပေါ်ကနေ ကိုယ်ထည်ခပ်သေးသေး မျက်လုံးပြူးပြူးကောင်လေးတစ်ယောက် ငုံ့ကြည့်တာနဲ့ ဆုံတယ်။
"ဟေ့ကောင်ကြီး ပြန်လာပြီနော်"တဲ့။
"မင်း .. အောင်သူမြင့် မဟုတ်လား" ကျွန်တော် ဝမ်းသာအားရနဲ့သူ့ကို လှမ်းဖက်ဖို့ပြင်တော့ သူ နောက်ကို ခြေနှစ်လှမ်းလောက် နောက်ဆုတ်သွားတယ်။
အောင်သူမြင့်ဟာ လိုတာထက် ပိုပိန်ပြီး ထင်ထားတာထက် အားနည်း ဖျော့တော့နေတယ်။ ခပ်ကိုင်းကိုင် ကိုယ်ထည်ကို မဆိုစလောက်လေး မတ်လိုက်ပြီး
"ဟိုနားမှာ ကိုဌေးတို့၊ ကိုကြီးအောင်ကြီးတို့ရှိတယ်။ မင်းကို စောင့်နေကြတာ" ဆိုပြီး လက်ညှိးထိုးပြလိုက်တယ်။ ကျွန်တော်အတော်လေး အံ့အားသင့်သွားတယ်။ အောင်သူမြင့်ဟာ ငယ်ဘဝက ကျွန်တော့်အချစ်ဆုံး သူငယ်ချင်းပါ။ ဒီကောင် စိမ်းသွားလိုက်တာ။ အရင်လို မျက်လုံးပြူးပြူးနဲ့ကျွန်တော့်ကို စတာ ၊ နောက်တာတွေ ဒီကောင် မလုပ်တော့ဘူး။ ကျွန်တော် ခေါင်းတွေ မူးနောက်လာလို့ခေါင်းကို လက်နဲ့အုပ်ထားရတယ်။
ပြန်မော့ကြည့်တော့ အောင်သူမြင့်မရှိတော့ပါ။
(၄)
"မင်းတစ်နေ့ဒီကို ပြန်လာမယ်ဆိုတာ ငါတို့သိပြီးသားကွ"
ဝေယံဦးပါလား။
ဘေးမှာ ကိုဌေး ၊ စိုးနိုင်ဦး ၊ ကိုကြီးအောင်ကြီး နဲ့ငကြိုင်တို့။ ပွဲနံဘေး စည်းဝါးလိုက်တဲ့ အနားမှာ ရဲလွင် ၊ မောင်လွင်နဲ့ချစ်ဦးမောင်တို့မိုးတိုးမတ်တပ်။ ဒီကောင်တွေအားလုံး အရပ်အမောင်း ၊ အဝတ်အစားနဲ့ပုံစံအားလုံးက တစ်ခုစီ ကွဲပြားနေပေမယ့် မျက်လုံး ၊ မျက်နှာနဲ့အကြည့်တွေက တစ်ပုံစံတည်း ။ သူစိမ်းတစ်ယောက်ကို ဖြတ်သွားဖြတ်လာ ကြည့်လိုက်သလိုမျိုး ။ ခါးခါးသီးသီး
(၅)
"အောင်သူမြင့်ရော" ကျွန်တော် အမောတကောမေးလိုက်မိတယ်။
"မင်းကောင်လား .. သေတာ ကြာပြီလေ မင်းမသိဘူးလား"
ပွဲတော်က ပိုပြီး မူးယစ်မှားယွင်းစရာ ဖြစ်လာတယ်။ ဒီနေရာက ဘာလို့ဒီလောက်တောင် ခြောက်ခြားစရာ ဖြစ်နေရတာလဲ။ ဒီထဲက လူအားလုံးဟာ ကျွန်တော် အရင်းနှီးဆုံး ပေါင်းခဲ့သူတွေ ချည်းပါပဲ။ တစ်ချိန်တည်းမှာ သူစိမ်းသူတွေလည်း ဖြစ်နေကြတယ်။
ဒီထဲ အောင်သူမြင့် သေပြီဆိုပါလား။
(၆)
"ငါတောင်းပန်ပါတယ်ကွာ.. အောင်သူမြင့်ရာ မင်းသေတာ ငါမသိလိုက်ဘူး"
"အေးဆေးပါ သူသေမယ်ဆိုတာ မင်းရောငါတို့ရော အကုန်သိပြီးသားပဲ ။ မင်းက ဘာဖြစ်နေတာလဲ ။ မကြောင်စမ်းပါနဲ့ကွာ"
ကိုကြီးအောင်ကြီးက မျက်နှာသေကြီးနဲ့ဝင်အော်တယ်။
သူ့ကြည့်ရင်းနဲ့စိတ်လွတ်လာတဲ့ လူတွေလို အားလုံးက ဝိုင်းပြီး တစ်ယောက်တစ်ပေါက်အော်တယ်။ ဘာသံတွေမှန်း ခွဲခြားမရ။
ပွဲတော်က လူတိုင်းကို သွေးဆူလာစေတယ်။
ဘယ်သူမှ မသောက်ဘဲနဲ့မူးယစ်ပေါက်ကွဲကုန်တယ်။
ကျွန်တော်ထိုင်နေတဲ့ ကျောင်းသုံး ခုံတန်းရှည်အစွန်းက ရေအိုးကို စိုးနိုင်ဦးက လက်သီးနဲ့တရစပ် ပစ်ထိုးနေတယ်။ မောင်လွင်က ပြေးလာပြီး ဗုံသီးတဲ့ ကောင်ကို နဘန်းဝင်လုံးရင်းကနေ ခုံတွေနဲ့ဆွဲ ပေါက် ၊ တစ်ဘက်က တစ်ယောက် က "ငါပဲကွ မင်းတို့နားရွက် တံတွေးဆွတ်မယ့်ကောင်ဆိုတာ "ပြောရင်း ပြေးလာတယ်။ "မင်းတို့သတ္တိရှိရင် လိုက်ခဲ့ကွ။ လီးဘဲဟေ့။ ဘယ်ကော့မှ လူမထင်ဘူး" ဆိုပြီး ကိုဌေးက ပွဲခင်းထဲ စွတ်ဝင်သွားတယ်။
အားလုံး ဝရုန်းသုန်းကားဆူညံ ပွက်လောရိုက်ပြီး မထင်မှတ်ဘဲ အနိဌာရုံတွေ ဖြစ်သွားတယ်။
(၇)
ပွဲတော်က နေရှိန်ပိုတက်လာတယ်။ ထူးခြားတာက လူတွေ ပြဿနာအကြီးကြီး တက်နေပေမယ့် သီချင်းသံက ရွှင်ရွှင်မြူးမြူး။ လူတွေဟာ အလိုလိုနေရင်း စိတ်တိုနေကြတယ်။ ကျွန်တော့် အင်္ကျီကို ဆောင့်ဆွဲလိုက်သလို ဖြစ်လို့ နောက်ပြန်လှည့်ကြည့်တော့ အောင်သူမြင့်။
"ငါသွားတော့မယ်ကွာ.. ပြန်ချင်ပြီ"တဲ့။
ချွေးတွေနစ်နေတဲ့ သူ့မျက်နှာကို ကြည့်ရင်း တစ်ခုခုပြောဖို့လုပ်တော့ ရဲလွင်ဆီက အော်သံကြားလို့ပြန်လှည့်လိုက်တယ်။ ရဲလွင်ကို မမြင်ရတော့။ ဒီဘက် ပြန်လှည့်တော့လည်း အောင်သူမြင့်ကို မတွေ့တော့။
(၈)
ပွဲသိမ်းသွားပြီ ထင်တယ်။
ကျွန်တော်ပြန်ချင်လာပြီ။
ပွဲခင်းအပြင်ကနေ ကြည့်တော့ ဝေယံဦးကို တွေ့တယ်။
ဒီကောင့်ကို နှုတ်ဆက်ဖို့သွားရင်း စိတ်က ရုတ်ချည်းဆိုသလို နာနာကျင်ကျင် ဖြစ်လာတယ်။
"မင်းတို့ကောင်တွေကွာ ငါ့ကို ပစ်ထားကြတယ်"
ဝေယံဦးက မထိတထိပြုံးရင်း -
"ပွဲခင်းအနောက်ဘက်မှာ ရဲလွင်နဲ့ကိုကြီးအောင်ကြီးတို့ရှိတယ်။ စိုးသီတာဦး နဲ့ ဥမ္မာဦးကတော့ မိတုပ်တို့ အိမ်လိုက်သွားပြီ။ မင်းက ဒီမှာ ဘာလုပ်နေတာလဲ ။ ပြန်တော့လေ"
လှည်းအိုကြီးတစ်စီးက လူမပါဘဲ နွားတွေနဲ့အခွံချည်းသက်သက် ကျွန်တော့်ဘေးက ဖြတ်သွားတယ်။
ပွဲခင်းဘေး ဖုန်ထူလွန်းတဲ့ လှည်းလမ်းကြောင်းနောက်ကနေ လိုက်သွားမိတယ်။ လှည်းသွားထားတဲ့ လမ်းဖြစ်လို့ဖုန်တွေက ထူလိုက်တာမှ ပိန်းပိတ်ပိန်းလို့။
(၉)
ဖုန်းတွေထဲ လမ်းလျှောက်ရင်း အလိုလို ငိုချင်လာတယ်။ ကျွန်တော့်ဘဝမှာ အရေးကြီးတဲ့ အရာတစ်ခု ဆုံးရှုံးနေရသလိုမျိုး ။ နင့်ခနဲဖြစ်လာတယ်။
လေရုးဝေ့တော့ ဖုန်တွေက ကျွန်တော့်ကို တမင် လူမမြင်အောင် ဖုံးအုပ်ထားသလို ဖြစ်နေတုန်း ဖုန်တွေထဲမှာ ကလေးတစ်ယောက်လို ငိုမိတယ်။ အဝေးမှာ ချူသံလိုလို ကြားမိတယ်။ ကလေးတစ်ယောက် ရယ်လိုက်သလား ။ အဲသလို ရယ်ချင်တယ်။ ဟုတ်တယ်။ ကလေးလေးလို ရယ်ချင်တယ် ငိုချင်တယ်။ ၁၅ နှစ် ကြာသွားတယ်။
- ငြိမ်းမင်းဝေ