အဖေ့ကို စိတ်ပူတယ် ..

အဖွားဆုံးတာ ကျနော် မမြင်လိုက်ရပါ။ အဖွား၏ နောက်ဆုံးသက်ရှိရုပ်ကလာပ်ကိုတော့ ကျနော်ကိုယ်တိုင် လှေပေါ်တင် လှော်ခတ်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ တိုင်းမြို့တော်တစ်ခု၏ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ အဖွား နောက်ဆုံးအသက်လုပွဲဆင်ခဲ့သည်။ သူ့အတွက် ပထမဆုံး နှင့် နောက်ဆုံးအကြိမ် ဆေးရုံအတွေ့အကြုံလည်း ဖြစ်သည်။
အဖွားနှင့်အတူ အမေ ၊ အဖေ့အကိုနှင့် အစ်မတို့ ပါသွားသည်။ ကျနော်က မြို့၏ တစ်နေရာမှာ တစ်ညတာကို အဆင်ပြေသလို ဖြတ်ကျော်ခဲ့သည်။ နောက်တစ်ရက် အဖွားအလောင်းကို တိုင်းဆေးရုံကြီး အောက်ထပ်မှာ မြင်ရသည်။ အဖွားသည် ၈၄ နှစ်အရွယ်တွင် အားလုံးကို စွန့်ခွာခဲ့ချေပြီ။ သူ ကြောက်လှသည့် ဆေးထိုးအပ်များ ၊ ဆရာဝန်သုံး မျက်နှာဖုံးနှင့် သူနားမလည်ရှာသည့် အသုံးအနှုန်းများအကြား ကိုယ့်အသက်ကိုယ် လုဖို့ အဖွား ကြိုးစားခဲ့ရှာမည်။ အသက်တစ်ရှုတိုင်းသည် နောက်ဆုံးတစ်ခေါက်ဖြစ်သွားနိုင်သည်ကို အဖွားသိခဲ့ပေမည်။ သို့သော် ဒီတစ်ခေါက် နောက်ဆုံးအသက်ရှုခြင်းလားတော့ အဖွားမသိနိုင်။ သိမည် မထင်ခဲ့။
၂၀၁၀ ဩဂုတ်လ မိုးရေထဲ အဖွားအလောင်းကို ကျနော်တို့ ပြန်သယ်လာခဲ့သည်။ တစ်လမ်းလုံး သည်းနေတဲ့ မိုးတွေက ဒိုင်နာကားနောက်ခန်းက ကျနော်တို့ရော အဖွားအလောင်းပေါ်ပါ ရွာသွန်းသည်။ အားလုံး ခိုက်ခိုက်တုန်။ မိုးရေထဲ အဖွားအလောင်း ကွေးကုပ်အေးစက်နေသည်ကို ကျနော် အမြဲအမှတ်ရမိသည်။ သွေးမလျှောက်တော့သည့် ခြေဖျားလက်ဖျားတို့ကို တစ်ခါမှ မသိစဖူးသူ သူစိမ်းလက်များနှယ် ကိုင်ဆုပ်မိသည်။
လူတစ်ယောက်ကို ထိတွေ့ရသည်နှင့် မတူတော့။ ဝိညာဉ်ပျယ်သွားပြီဖြစ်သည့် ခန္ဓာတစ်ခုသည် သစ်သားတစ်တုံးဖွယ် ရေဝဲထဲ ဆွဲရာမျောနေသလိုသာ ချာလည်လည်နေသည် ထင်မိသည်။ လမ်းပေါ်မှာ အလောင်းတင်လာသည့် ကျနော်တို့ ကားတစ်စီးတည်း တိတ်တဆိတ်။ မိုးရေထဲတွင် တိတ်ဆိတ်မှုသည် ကျနော်တို့အားလုံးရင်ထဲ ခိုတွဲနေခဲ့သည်။
ဓလေ့အရ အဖွားကို ရွာထဲ ပြန်သယ်လို့ မရ။ ရွာမြောက်ဘက် ကိုးတောင်ပြည့် စေတီနံဘေး ချောက်စောက်ကလေးနဖူးက ဇရပ်လေးထဲမှာ ထည့်ထားရသည်။ သူ့သဘောဆို ဒီလိုနေရာက ချက်ချင်း ထသွားကောင်း သွားပေမည်။ အခုတော့ အလောင်း ဖြစ်သွားပြီဖြစ်သည့် အဖွားသည် သက်ရှိတို့ လိုသလို ပြုသမျှ မလှုပ်မယှက်ငြိမ်လျက်သာ။ အဖွားအလောင်းဘေး ဆွေမျိုး သင်္ဂဟပေါင်း စုရုံးဝင်ထွက် ပျားပန်းခတ်နေသည်။
အဖေသည် သူ့မိခင်ရုပ်အလောင်းအပါးက မခွာတော့။ ထမင်းပင် အိမ်လိုက်မစားတော့။ အဖေ့ဖို့ ဇရပ်အိုဆီ လူကြုံနှင့် ထမင်းထုပ်ပို့လွှတ်ရသည်။ အဖေ စားမစားကား မသေချာ။ ကျနော်သွားတိုင်း သူ့မိခင်မျက်နှာကို စိုက်ငေးလျက်သားသာ မြင်ခဲ့ရသည်။ တစ္တေကြောက်ရှာသော အဖေသည် ဤသို့လျင် ဇရပ်အိုမှာ သုံးရက်တိုင်ခဲ့သည်။ ဇရပ်မှ မျှော်လျင် ရွာသူတို့ အားထားရာ သင်းချိုင်းကို အတိုင်းသားမြင်ရသည်။ ညဘက်များတွင် အဖေဘယ်သို့ နေခဲ့သနည်း။
အဖေသည် အစွဲကြီးသည်။ သူ့အိမ်သူ့ရွာ သူ့နွား သူ့မြင်းမှသည် သူစွဲရာပေါ် အာရုံးမလွှဲတတ်။ မလွှဲနိုင်။ ကျနော်နှင့် အဖေ ရန်ကုန်ရောက်တုန်းက အဖေသည် ကျနော့်ဖို့ လမ်းဘေးဘေထုပ်မှ ဂျင်းဘောင်းဘီတစ်ထည်ဝယ်ပေးဖူးသည်။ တည်းခိုရာ ဘုန်းကြီးကျောင်းရောက်တော့ တခြားဧည့်သည်က ကျနော့်ခါးက ဘောင်းဘီကို ကြိုက်၍ ဝယ်သည်။ အဖေသည် ချက်ချင်းပင် ကောက်ရောင်းလိုက်သည်။ ကျနော် စိတ်ဆိုးလိုက်သည် ဖြစ်ခြင်း။ သို့သော် သူ့မြင်းမကလေးမိနီကို စားဝတ်နေရေးအလို့ငှာ ရောင်းချတော့ အဖေသည် တစ်ပတ်ဆယ်ရက် မျက်စိပျက်။ တခွေခွေနှင့် ချုံးကျနေရော့သည်။ အဖေ့ကို စိတ်ပူသည်။ အဖေ့ကို ကျနော် နားမလည်နိုင်။
စစ်ကြီးဖြစ်၍ အားလုံး အိုးပစ်အိမ်ပစ်ပြေးကြချိန် အဖေသည် သူ့ခွေးသူ့နွား စိတ်မချဟု ဆိုကာ အိမ်က မခွာ။ ရွာထဲ ဟိုကဒီကအဖွဲ့တွေ ဆုံပြီး ထုကြထောင်းကြ စစ်ကြဆေးကြချိန် အဖေသည် မြေကျွင်းလေးမှာ ဖားတစ်ကောင်နှယ် ဝပ်ကျန်ရစ်သည်။ သူ့နှမများ အစ်ကိုများ ဘေးရှောင်ရာ တောင်ခြေတောတန်းသို့ လိုက်မသွား။ အဖေ့ကို ကျနော်တို့ နားမလည်။ သို့သော် စိတ်ပူသည်မှာ လွန်ပါရော။ ညဘက်တွေမှာ တဒိုင်းဒိုင်း တဒက်ဒက်သံတွေ ဖုန်းထဲက အတိုင်းသား ကြားရသည်။ အဖေသည် ကြောက်သည်လော၊ သတိထားနေသည်လော မဆိုနိုင် ဖုန်းထဲမှာ စကားပြောလျက်သား တိတ်ဆိတ်သွားသည်။ ပြီးလျင် အဖေသည် ညဘက်များတွင် ပြေးပေါက်ရှာဖို့ တစ်နေရာရာမှာ ကွယ်ပုန်းနေမည်လား မဆိုနိုင်။ အဖေ့ကို စိတ်ပူသည်။ အဖေ့ကို နားမလည်နိုင်ခြင်းကြောင့်ပင် ပိုစိတ်ပူနေသည်ပင်။
အဖေ့ကို နီးစပ်ရာ မြို့တစ်မြို့ဆီ ပြေးဖို့ ကျနော်တို့ ပြောရသည်။ အဖေ့အတွက် တစ်မိသားစုလုံး စိတ်မောလှပြီ။ သို့သော် အဖေသည် ငြင်းမြဲ ငြင်းဆဲ။ သူ့ ပျဉ်ထောင်နှစ်ထပ် တိုင်ခြေပြတ်နေသည့် အိမ်အိုလေးထဲမှာ ငုတ်တုပ်ထိုင်ရင်း တစ်ကိုယ်တည်း ကျန်နေခဲ့သည်။ မနက်အာရုံမတက်ခင် အဖေသည် ရှိသမျှ ထုပ်ပိုးပြီး ရွာပြင်ခပ်ဝေးဝေးမှာ ရှောင်နေသည်။ ညနေဆို အဖေသည် အိမ်အိုကလေးဆီ ပြန်လာမြဲ။ သူ့နွား သူ့မြင်းတို့ကို အစာကျွေးမြဲ။ တစ်ခါတစ်ခါ လမ်းဝမှာ ထိပ်တိုက်တွေ့သည်ဟု ဆိုသည်။ အဖေ့ကို စိတ်ပူသည်။ ကျနော်တို့ တစ်သက် သူထမင်း ချက်စားတာ တစ်ခါမှ မမြင်စဖူး။ တစ်ရွာလုံးမှာ လူတစ်ကျိပ်တောင် မကျန်တော့တဲ့ ညတွေမှာ အဖေအိပ်ပျော်ပါရဲ့လား စိတ်ပူမိသည်။ အဖေ့ကို ဖုန်းဆက်ပြောတော့ ကျနော် စိတ်ဖြေသိမ့်စရာစကား ရှာပြောသည်။ သို့သော် ရွာက ခွာပါမည် တစ်ခွန်းမပြော။ သူ့အစ်ကို အစ်မနှင့် အမေနှမတွေလည်း ပြောမနိုင်တော့။ အဖေ့ကို လက်လျှော့ထားရသည်။
အဖေအဆင်ပြေမှ ပြေပါ့မလား။ ကျနော်သည် အဝေးမှ တ,နေရသည်။ ညများတွင် ကျနော်သည် ထိုပူပန်သည့်စိတ်နှင့် အိပ်ရာဝင်သည်။ ရံဖန်ရံခါ မျက်နှာပေါ် မိုးစက်တွေ မှန်သည်အထင်နှင့် ညဘက်များ နိုးလာပါသည်။ အိပ်မက်က နိုးတိုင်း ကျနော်သည် ဩဂုတ်လကားတစ်စီးပေါ်မှ အဖွားနှင့်အတူ အပြန်ခရီးကို သတိရပြီး ထိတ်လန့်ခြောက်ခြားနေပါသည်။ ကျနော် အဖေ့ကို စိတ်ပူနေပါသည်။