စိမ်းတယ်လို့ မဆို ယိမ်းနွယ်မို့ ပြို

"ဒါတွေ တကယ် ကျနော် ဘယ်ဖြစ်ချင်ပါ့မလဲဗျာ"
ကိုမိုးကျော် ပြောချင်တာ သူနားလည်ပါတယ်။ နားလည်ဆို လည်လောက်တဲ့ နောက်ခံတွေလည်း ရှိသကိုး။
အပြင်မှာ နှင်းမြူတွေ စပြီး ဝဲတဲနေပြီ။ ဒီလဟာ ဆောင်းရဲ့ အစပေါ့။ ဒီမှာက ဆောင်းရောက်မှန်း အရမ်း သိသာတယ်။ တောင်ပေါ် ဝေ့နေတဲ့ တိမ်တွေတောင် ဆောင်းဆန်သွားတယ်။ ဘယ်လို ပြောရမလဲ နားလည်ရခက်တဲ့ တိမ်တွေပေါ့။ တိမ်တွေတင်လားဆိုတော့ မဟုတ်ဘူးရယ်။ ပူလက်စ အပူချိန်တွေဆိုလည်း ရုတ်ခြည်း ပြဒါးတိုင် ဇောက်ထိုးတွေဖြစ် ၊ လေလမ်းကြောင်းတွေ လွဲလို့ လွဲ ၊ မြောက်အရပ်ကပဲ ခပ်သည်းသည်း တိုက်တာမျိုး ဖြစ်လိုဖြစ်ပေါ့။ ဒီလို ဩကာသအပြောင်းအလဲလိုပဲ သတ္တလောကလည်း ပြောင်းတတ်လေသလား မသိ။
မိုးအကုန် တောင်ပေါ်ကားနဲ့အတူ ကိုမိုးကျော်ရဲ့ ဇနီးဟာ ကိုမိုးကျော် မမြင်ဖူးသေးတဲ့ သားလတ်လတ်ဆတ်ဆတ်ကို ပိုးလို့ မြို့ထဲကို ဝင်ရောက်လာတာက စတယ်။ တကယ့်အစက ဒီဖြစ်ရပ်တွေထက် စောတယ် ပြောရမယ်။ ကိုမိုးကျော် ရောက်နေတဲ့နေရာက တကယ့် အစွန်အဖျား။ နောက်ထပ်မိုင်နည်းနည်းဆို တခြားအပိုင် ဆိုတာမျိုးပေါ့။ ဒီနေရာမျိုးက သိပ်ဆန်းပြားတယ်။ 'မှော်' ဆိုတဲ့ နေရာမျိုးပေါ့။
ကိုမိုးကျော်နဲ့သူက ဒီနေရာကို ရှေ့ဆင့် နောက်ဆင့် ရောက်တာ။ လူရည်လည်ပြီး ခရီးနယ်စုံတဲ့ ကိုမိုးကျော်က သူ့နောက်မှ ရောက်ရပေမယ့် အရာရာ ဆရာကျတယ် ပြောရမယ်။ ဒီမြို့မတိုင်ခင် ကိုမိုးကျော်ဟာ ရှမ်းပြည်မြောက်ဖျား လူသိနည်းမြို့များကနေ တခြားနိုင်ငံတွေရဲ့ မြို့များ ပြည်နယ်များအထိ ခရီးဆန့်ပြီးသား။ နှစ်များ ချီအောင် ဒေသစာရီ ဖြန့်ခဲ့ဖူးတဲ့ ကိုမိုးကျော်ကပဲ သူ့ကို နေမှုထိုင်မှုဆိုင်ရာ အသိပညာတွေ တည့်တည့်တစ်မျိုး တစ်ဖက်လှည့်တစ်ဖုံ မျှဝေခဲ့တာ မလား။
သူမကြားဖူးခဲ့တဲ့ ဓလေ့များ ၊ အယူအဆများ ၊ လုပ်ငန်းခွင်ဆိုင်ရာ မရေးထားတဲ့ ဥပဒေသများအထိ ကိုမိုးကျော်ဟာ ဆရာပေပဲ။ ကိုမိုးကျော်လို့ ပြောလိုက်ရင် ပေါင်းတတ်သင်းတတ်တယ်။ ပြောတတ်ဆိုတတ်တယ်။ ရှိုးစမိုးနဲ့ လန်ပျံနေအောင် နေတတ်တယ်။ အသက်ကလည်း ၃၀ တစ်ပတ်လည် အနေအထိုင်လည်း သေသပ်တော့ ဒီမြို့သေးသေးလေးမှာ ကိုမိုးကျော် နာမည်ထွက်တာ ဆန်းသလား။ နောက်ပြိး ဒီမြို့မှာ အရင် ရောက်ပြီး မိတ်ဆွေတွေကလည်း ကိုမိုကျော် ချိတ်ဆိုတော့ ဘာလိုသေးလဲ ကလေးရယ်ပေါ့။ အဲ့ဒီချိတ်တွေထဲမှာ ခပ်ကြီးကြီးချိတ်တွေ ပါလာတာကတော့ ဆိုးတယ်။ ဆိုးဆို ကိုမိုးကျော်လို လူတောင် မလှုပ်နိုင်အောင် ချိတ်သွားတာကိုး။
ကိုမိုးကျော်က ဂဏန်းထက် လက်များတယ်။ အိမ်တိုင်ကင်းဆိုရမလားပဲ။ ဘယ်သွားသွား အရာလေးနဲ့ဆိုသလိုပဲ။ ဘယ်သူဘယ်ဝါဆို ကိုမိုးကျော်နဲ့ လွတ်တာ ရှားတယ်။ ညနေဘက်မှ တွင်းထဲက ပုရစ်ထွက်သလို ထွက်ပြီး အသံတစာစာနဲ့ လူခေါ်တဲ့ ကောင်မလေးတွေကလည်း ကိုမိုးကျော် အသိတွေပဲ။သူသိသလောက် ကိုမိုးကျော်ချိတ်တွေက နည်းမှမနည်းပဲ။ ကိုမိုးကျော်နဲ့သာ တစ်နေရာရာ သွားကြည့်လိုက်။ ဈေးသွားလည်း နှုတ်ဆက်ပြန်ပြီ။ လမ်းထိပ် ဘီယာသွားဝယ်လည်း ဟာ ကိုမိုးကျော်ကြီး ဆိုတာပဲ။ လက်ဖက်ရည်ဆိုင်သွားမလား။ ဖက်ရှင်ရနံ့အစုံအလင်နဲ့ သူငယ်ချင်းတွေဆိုတာ ဟိုက ဒီက ရောက်ချလာတတ်တာမျိုး။ ကိုမိုးကျော်ဟာ ဆရာဖေမြင့်ရဲ့ စာအုပ် "ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်သူ" စာအုပ်မှာ မျက်နှာဖုံး လုပ်သင့်တဲ့သူမျိုး။
သူတို့ သိတာ တစ်နှစ်ကြာပြီးနောက် ကိုမိုးကျော်အထာတွေ သူနားလည်လာတယ်။ ကိုမိူးကျော်မှာ ရှိတဲ့ ဇာတ်လမ်းတွေပေါ့။ ဒီဇာတ်လမ်းတွေကလည်း အဆန်းသား။ တချို့တွေ ပြန်ပြောလို့ မကောင်းပေမယ့် သူပြောနိုင်သလောက်အထိတော့ ကိုမိုးကျော်ဟာ တော်တော်စွာခဲ့တယ် ဆိုတာပါပဲ။ ကျောင်းသားတုန်းကလည်း ကျောင်းသားမို့ လက်သွက်သွက်နဲ့ ကွက်ကျော်နှိုက်ခဲ့တော့ တစ်ဘီးလှိမ့်ပိုးပန်းနေတဲ့ ကောင်တွေဆိုတာ ကိုမိုးကျော်ကို ရိုက်ချင်တာ မရှားဘူး။ သူငယ်ချင်းရည်းစား ဖြတ်ခုတ်လား ခုတ်ရဲ့။ ကိုယ့်ရည်းစားရဲ့ သူငယ်ချင်းကို ပိုးသလား ပိုးရဲ့။ နောက်ဆုံး မိန်းမရပြီးလို့ ကလေးတစ်ယောက် နောက်တစ်ဗိုက်နဲ့တောင်မှ ဇာတ်လမ်းတွေ ရိုက်နေလို့ သူ့အစ်မနဲ့ ဖအေမအေက ကြိမ်းကြိမ်းနေရတာ သူ့ကိုယ်တွေ့။
ကိုမိုးကျော်ကတော့ အေးဆေး။ နာမည်ကိုက မိုးကျော်လေ။ မိုးမှာ တံတိုင်းရှိရင်တောင် ကျော်ပလိုက်မယ်ဆိုတဲ့သူ။ ဒီမြို့ကို အကြောင်းကြောင်းကြောင့် ရောက်လာစကတော့ ကိုမိုးကျော် သိပ်မျက်နှာမကောင်း။ ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့တဲ့ မိန်းမ လွမ်းရှာ ထင်ပါတယ်။ ဒါလည်း သိပ်မကြာပါဘူး။ ကြာကြာစိတ်ညစ်တာ ကိုမိုးကျော်ပုံစံမှ မဟုတ်တာ။ ရောက်စက အတည်တကျ အလုပ်မရသေးလို့ ဟိုသွားဒီသွားနဲ့ အလုပ်လိုက်စပ်တယ် ဆိုပေမယ့် အလုပ်ကလေး ရလာရင် နိုင်ငံခြားဘီယာလေး ဆွဲ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ ၊ ဒီထက်ပို ဟန်ကျရင် တစ်ဖက်ခန်းက ဘောက်စ်ငှားပြီး သီချင်းတွေပါ ဟဲတော့တာ။
သူအစွဲဆုံးနဲ့ အပိုင်ဆုံး သီချင်းက အောင်သူရဲ့ "ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း" ပဲ။ ဒီသီချင်းတော့ နားထောင်သူ ငိုချင်လောက်အောင် ကရုဏာသံနဲ့ တလှိုက်လှိုက် ဆိုတတ်တယ်။ "ကိုယ့်ချစ်သူလေး ကောင်းစားရေးအတွက် မျက်ရည်စက်လက် ထားခဲ့ရပြီ ..ဪ ဧရာဝတီ သင်သိပါသည်" ဆိုတဲ့ နေရာရောက်ရင် အိမ်နဲ့ဝေးတဲ့ သူတို့တတွေပါ အချောင် ဝမ်းနည်းသွားခဲ့ရစမြဲ။ လခစားအလုပ်လေး အတည်တကျ ရလို့ ဝင်ငွေကောင်းတော့ ကိုမိုးကျော် အပျော်တွေ ပိုနယ်ကျယ်လာတယ်။ ကိုမိုးကျော်ရဲ့ သတင်းထုတ်ပြန်ချက်ဖြစ်တဲ့ သူ့ TikTok ပေါ်မှာ ရောင်စုံမယ်တွေနဲ့ KTV မှာ စည်းစိမ်ခံစားရင်း "ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း" နေတာတွေ ခပ်စိပ်စိပ် တွေ့လာရတယ်။ အိမ်ကို ပိုက်ဆံမလွှဲလို့ ဆိုတဲ့ အသံတွေကလည်း နောက်ဆက်တွဲ ကြားရတာပေါ့လေ။
ဪ ကိုမိုးကျော် ကိုမိုးကျော် ပျော်ပျော်ကြီး နေချင်တယ်ဆိုတဲ့ ပျော်ချင်သူ ကိုမိုးကျော် အခုတော့ စိတ်ညစ်နေပါရောလား။
"အေးဗျာ။ ခင်ဗျားအမျိုးသမီးကတော့ အိုးအိမ်ထောင် မပျက်ချင်တာ အသိသာကြီး။ တစ်နေ့ကပဲ ခင်ဗျားဇနီးက ခင်ဗျားအစ်မကို ငိုရင်းပြောနေတာ ကျနော်ကြားတယ်။ မကွဲချင်ဘူး ဆိုတာချည်းပဲ။ မအေငိုတော့ ကလေးလည်း ငိုတာပေါ့ဗျာ။ ကျနော်တော့ စိတ်မကောင်းချက်။ ခင်ဗျားက တခြားမှာ သွားနေနေတာဆိုတော့ ဒါတွေ ဘယ်သိမလဲဗျာ။"
"ကျနော်လည်း ဒါမျိုးတွေ ဘယ်ဖြစ်ချင်ပါ့မလဲဗျာ"
ကိုမိုးကျော်က သူရွတ်လက်စစကားပဲ ပြန်အစဖော်တယ်။
"မဟုတ်သေးဘူးလေ။ အခု တက်လာတာက ငယ်လင်ငယ်မယားလေဗျာ။ ခင်ဗျားအခု တွဲနေတာကြီးက ဘယ်အနွယ်ကလာတဲ့ ဘယ်လိုအမျိုးမှန်းလည်း မသိ။ ကြိုးချင်းထိပြီး ငြိကုန်တာလေဗျာ။ သွေးသားကိစ္စတွေဆိုတာမျိုးတော့ ကျနော်လည်း ခင်ဗျား ပါစင်နယ်မို့ ဘာမှ မပြောလိုဘူး။ ဒါပေမယ့် ကိုယ့်သားသမီး မျက်နှာလေးတွေတော့ ထောက်ပါဦး။ အပေါင်းအသင်းချင်းမို့ ကျနော် ဒီလို ပြောတာပါ။"
"ကျနော်လည်း စိတ်ရှုပ်ပါတယ်။ ဒီက မိဆုကလည်း ကျနော် မယူလို့ မဖြစ်တော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုပြောရမလဲ ရပ်ကျော်ရွာကျော် အကုန် လွန်ကုန်ပြီ။ သင်းသင်းကိုတော့ ငါနဲ့ ကွာရှင်းပေး ၊ ရွာရှိ အိမ်နဲ့ လယ်ယာတွေ နင်ပဲ ယူဆိုပြီး အဆက်ဖြတ်တာပဲ။ ဒါတွေနဲ့ သူ လုပ်စားပေါ့ဗျာ။ သင့်တော်တဲ့သူ တွေ့ရင်လည်း ယူလိုက်ပေါ့လေ။ ကျနော်လည်း သူ့ကို မချစ်ခဲ့တာတော့ မဟုတ်ပါဘူး။ အခြေအနေ အကြောင်းကြောင်းတွေက ဒီလို မလုပ်လို့ကို မဖြစ်တော့လို့ပါ။"
"ကျနော့်သဘောပြောတာပါ ကိုမိုးကျော်။ ဆုံးဖြတ်စရာရှိလို့ ဆုံးဖြတ်ရရင် သံယောဇဉ်မျက်နှာတော့ ထောက်ကောင်းတယ် ထင်တယ်။ ခင်ဗျားဇနီးလည်း ကြည့်လိုက်ပါဦးဗျာ။ သူနဲ့ ခင်ဗျား ပေါင်းသင်းခဲ့တဲ့ ကာလတလျှောက် ဒီလောက် စိတ်ဓါတ်တွေ ချုံးချုံးကျတာ မြင်ဖူးရဲ့လား။ နှစ်ကိုယ်တူ အိုးအိမ်ထောင် ထူတုန်းက ခင်ဗျားမှာလည်း အိုအောင် မင်းအောင် ပေါင်းရပါစေဆိုပြီး တောင်းဖူးတယ်မလား။ ကျနော် ပြောချင်တာကတော့ဗျာ။ သေချာစဉ်းစားစမ်းပါ။ ဒီက နောက်ပေါက်တစ်ယောက်ကို အဆက်ဖြတ်လို့ အလွန်ဆုံး ခင်ဗျားကြုံရ အလျော်ပေးရ ၊ ရုံးပြင်ကန္နားရောက်ရထက် မပိုဘူး။ ဒါလည်း ဖြစ်ချင်မှ ဖြစ်မှာ။ ဖြစ်တော့ရော ဘာအရေးလဲ။ ကိုယ့်သားသမီး ဇနီးမယားဘက်က ရပ်လိုက်စမ်းပါ။"
"မဖြစ်နိုင်တော့ဘူး ထင်ပါတယ်ဗျာ။ ကျနော်သင်းသင်းကို ချစ်ခဲ့တယ် ဆိုပေမယ့် အခုနေတော့ မဖြစ်နိုင်တော့ပါဘူး။ ကျနော်တို့ တစ်လမ်းစီ လျှောက်တာပဲ ကောင်းမှာပါ။ ကျနော်လို အညှာလွယ် ဖောက်ပြန်တတ်တဲ့အကောင်နဲ့ သူတစ်သက်လုံး အိုမသွားတာပဲ ခပ်ကောင်းကောင်းပါ။ သမီးကြီးကိုတော့ ကျနော် ခေါ်ထားမယ် ပြောပါတယ်။ ဘယ်သူမှ လက်မခံဘူး။ ဒါလည်း ကျနော် နားလည်ပါတယ်။ ကျနော့်အပြစ်တွေပါပဲဗျာ။ ကျနော့်ကို ပြောချင်သလိုသာ ပြောလိုက်ပါတော့"
"ကိုမိုးကျော်ရာ ခင်ဗျားမိန်းမကို ခင်ဗျားတကယ်ချစ်တယ်ဆို ကိုယ့်အပြစ်ကို ပြန်ချေလို့ ရပါတယ်ဗျ။ ဒီလောက်ခေါင်တဲ့ နေရာကို ခင်ဗျားစွန့်စွန့်စားစား လာပြီး မနက် ၆ ည ၆ နားရက်မရှိ အလုပ်လုပ်တာ ဘာအတွက်လဲ။ ခင်ဗျားဆိုဆိုနေတဲ့ သီချင်းထဲကလို ခင်ဗျားတို့မိသားစုလေး ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းရဖို့ပဲ မဟုတ်ဘူးလားဗျ။ ခင်ဗျားကို ဘယ်သူတွေ ဘာပြောပြော ပြောင်းလိုက်စမ်းပါ။ နောက်မယားနဲ့ ခင်ဗျား ဘယ်လောက်များ ပျော်နိုင်မှာမို့လဲ။ အဲ့ နောက်မိန်းမဆိုတာကရော ဆင်းဆင်းရဲရဲ ဒုက္ခထဲမှာတုန်းက အတူရင်ဆိုင်ခဲ့တာမို့လား။ မဟုတ်ပါဘူးဗျာ။ ခင်ဗျား ဇနီးနဲ့ သားသမီးကို လွယ်လွယ်နဲ့တော့ မစွန့်လွှတ်စမ်းပါနဲ့။"
"ကျနော် မစွန့်ချင်ပေမယ့် မရတော့လို့ပါ။ ကျနော့်ကို ဘာမှ ထပ်မပြောပါနဲ့တော့ဗျာ။ ကျနော့်ဘဝနဲ့ ကျနော်သာ ပစ်ထားလိုက်ပါ။ ဘယ်လိုမှ မအောက်မေ့ပါဘူး။"
"ခင်ဗျားနဲ့တော့ ခက်ပြီဗျာ."
သူစိတ်ရှုပ်ရှုပ်နဲ့ မျက်နှာလွှဲလိုက်တယ်။ ခေါင်းထဲလည်း နောက်ကျိမွန်းကြပ်နေတယ်။ ကိုမိုးကျော် စားနေတဲ့ သံပရာသီး ကြည့်ပြီး သူက ပါးစပ်ကျိန်းနေတာကိုး။ စိတ်ညစ်ညစ်နဲ့ ခေါင်းခါပစ်လိုက်တယ်။ သက်ပြင်းတစ်ချက် ရှိုက်ရင်း ရှေ့ကို ကြည့်မိတော့ သူ ရေချိုးနေကျ ရေစင်ကြီးကို တွေ့တယ်။ လရိပ်အောက်မှာ ရေစင်ပေါ် လုတက်နေတဲ့ နွယ်ပင်တစ်ပင်ကို လှမ်းမြင်မိတယ်။ နွယ်က နုပြီး သန်စွမ်းတော့ အညွန့်ကွေးကွေးက လရိပ်အောက်မှာတောင် လက်စွမ်းပြကနုတ်ခက်တွေလို အိညက်နေတယ်။ စတီးရေစင်ရဲ့ ပတ်လည်အရစ်တွေမှာ ရတတ်သမျှ တွယ်ကုပ်နေတဲ့ နွယ်က မြောက်လေအဝှေ့မှာ လွင့်ပြီး အောက်ကို ပြုတ်ပြုတ်ကျလာနေတယ်။ လေအပင့်မှာ လွင့်သွားတဲ့ နွယ်ညွန့်တွေဟာ လေအငြိမ်မှာ ရေစင်ကို ပြေးကပ်ကပ်ပြန်တယ်။
ရေစင်မှာ နွှယ်ချင်နေတဲ့ နွယ်ပင်ကို ကြည့်ရင်း ကိုမိုးကျော်ကြီးလို့ သူထင်လာမိတယ်။ ဆောင်းအဝင်မှာ သူကယောင်ချောက်ခြားဖြစ်နေပြီလား မသိတော့။
- ငြိမ်းဝေမင်း