မှားလို့ ရတယ် ဆရာ...

မှားလို့ ရတယ် ဆရာ...

တောက်တဲ့ကုန်းတစ်ရွာလုံး ကိုမြင့်သိန်းတော့ အားလုံးက လေးစားရတယ်။ လေးစားရတယ်ဆိုတာ ဒီလို။ 

ကိုမြင့်သိန်းက ဆေးလေးဘာလေး ကုတယ်။ အတိုးအပွားလေး ပေးစားတယ် ။ တက္ကသိုလ်ဘာညာလည်း သီသီစွန့်စွန်း ရောက်ဖူးလေတော့ စာလည်း တတ်တယ် ဆိုရမယ်။ ဒါတင်ဟုတ်ရိုးလား။ ရပ်ရွာရေးဆိုလည်း သူ မပါရင် ပွဲမစည်။ ရွာဘုန်းကြီးကအစ အားကိုးရတဲ့သူ။

ကိုမြင့်သိန်း ဆေးကုတယ်ဆိုပေမယ့် လူတော့မဟုတ်။ သူကုတာက တိရစ္ဆာန်တွေ။ နွားများ ဝက်များတော့ နိုင်သလား မမေးနဲ့။ ၅ ကောင်လာ ၄ ကောင် အပျောက်ဆိုတဲ့သူ။ လူထူထူရှိရင်လည်း "ကျူပ်ပညာတော့ စိတ်ချ။ ၅ ကောင်လာ ၄ ကောင်အပျောက်ပါဗျ" ဆိုတဲ့ စကားလေး ထည့်ထည့်ပြီးအသားယူပြောတတ်မြဲ။ သူ့တူ မောင်တင်ကတော့ ကိုမြင့်သိန်းထက် တစ်တန်းပို ကျောင်းတက်ခဲ့တဲ့ကောင်ဆိုတော့ အထွန့်ကလေးတက်ချင်သေးတယ်။ 

"ဦးလေးသိန်းရဲ့ ။ ၅ ကောင်လာ ၄ ကောင်အပျောက်ဆိုတာက ဟုတ်တော့ ဟုတ်သေးဘူးဗျ။ နည်းနည်းတော့ မှားနေသေးသလိုပဲ။"

ဒီလိုများ မလိုစကား စပြီဆိုမှဖြင့် သူ့ဦးလေးက သဘောမတွေ့တဲ့အခါ သူလုပ်နေကျအတိုင်း ပါးစပ်ပိတ်လျက်သား နှုတ်ခမ်းတစ်ဖက် အပေါ် ထောင်တက်သွားအောင် တွန့်လိုက်တယ်။ ပြီးမှ မောင်တင့်ကို စိုက်ကြည့်ပြီး ..

"ပြောစမ်းပါဦး။ မင်းက ဘယ်နားများ မှားနေတယ် ထင်တာတုန်းဟ" 

"ဒီလိုလေ ဦးလေးသိန်းရ။ ကျုပ်တော့ တခါတခါ စဉ်းစားမိလို့ပါ။ ဦးလေးသိန်း ပြောပြောနေတဲ့ ၅ ကောင်လာ ၄ ကောင်အပျောက်ဆိုတာက ဘာပြောတာလဲ။ နွား ၅ ကောင်လာကုရင် ၄ ကောင် အသက်ပျောက်တာလား။ ရောဂါပျောက်တာလားပေါ့။ ဦးလေးသိန်းကလည်း မရှင်းမရှင်းနဲ့ တစ်ခါလာလည်း ၅ ကောင်လာ ၄ ကောင်အပျောက် , တစ်ခါလာလည်း ၅ ကောင်လာ ၄ ကောင်အပျောက်ဆိုတော့ မေးချင်နေတာ လျှာကို ယားလို့"

"ဟ ရှင်းနေတာပဲဟ။ ၅ ကောင်လာကု ၄ ကောင် ရောဂါပျောက်ကရောပေါ့။ ဒါပဲလေကွာ"

"ဪ ဒီလိုလား။ ဒါဆိုရင်လည်း မဟုတ်သေးဘူးဗျ။ ဦးလေးသိန်းရ"

ဦးလေးသိန်းက တူတွေထဲ သူ့အချစ်ဆုံးမှန်း သိတော့ မောင်တင့် သိပ်တော့မလန့်။ စိတ်ထဲ ရှိသလို စွတ်ပြောတတ်တယ်။ သူ့တူ မိချောင်းမသား မောင်တင့်ကို စိုက်ကြည့်ပြီး ကိုမြင့်သိန်းက

"ရော် ဘာမဟုတ်သေးတာတုန်း မောင်တင့်ရ" ဆိုတော့

"သင်္ချာနည်းနဲ့ တွက်ကြည့်ရင် ၅ ကောင်လာ ၄ ကောင်ပျောက်ဆိုတော့ ၁၀ ကောင်လာ ၂ ကောင်သေ ၊ အကောင် ၁၀၀ ကု အကောင် ၂၀ သေ။ ဟာ မနည်းဘူးပဲ။ ဦးလေးတစ်ရက်တစ်ရက် ဟိုဘက် သစ်ချိုကုန်း ၊ တည်ပင်ဆိပ် ၊ မရိုးတော ၊ ကန်ပေါက်ကြီး ၊ နဘဲအိုင်တွေဘက် လှည့်ကုတာတင် အကောင် ၃-၄၀ ။ တစ်ရက် ဦးလေးသတ်တာတင် လေးငါးခြောက်ကောင် မနေဘူးလား."

"သယ် ဒီခွေးမသားကတော့။ အဲ့လောက် သေစရာလားဟ။ မင်းပြောသလိုသေ ငါ့ဘယ်သူခေါ် ဆေးထိုးခိုင်းပါ့မလဲဟ။ စကားအဖြစ်မို့သာ ပြောရတာ။ အဲ့လောက် မှားမလားဟ။ စဉ်းစားလေ။"

သူ့ဦးလေးသိန်း ကြိမ်းတော့လည်း မောင်တင့်က လေလေးလျှော့ရတယ်။

"ဟုတ်ပါဘူး လေးသိန်းရယ်။ လေးသိန်းက ဆေးဆရာမလား။ ဆေးဆရာက ကျူရှင်ဆရာလို အောင်ချက်ရာခိုင်နှုန်း ကြေညာတာကြီးက လွဲနေသလားလို့ပါ"

ဘာပဲဖြစ်ဖြစ် ဦးလေးသိန်းက တွက်ကိန်းနဲ့ ဆေးကုတဲ့သူမို့ သူ့အလုပ်က သေချာတယ်။ အဖိတ်အစင်လည်း နည်းတော့ နွားလောက ၊ ဝက်လောကမှာ ကိုမြင့်သိန်းမှ ကိုမြင့်သိန်းပဲ။ ဒီလောကက တကယ်လုပ်တဲ့သူ ရှားတယ်။ စွံတဲ့သူလည်း ရှားတယ်။ ကိုယ့်ကိုယ်ကိုယ် ဆရာလို့ ခံယူထားပေမယ့် ကိုမြင့်သိန်း သိပါတယ်။ အမှန်ဆို သူလည်း ရမ်းကုပဲမလား။ အရင်အစိုးရလက်ထက် အထက်ကျန်းမာရေးဌာနက လူတွေ ကောင်းမှုနဲ့ ဆေးကုတဲ့ဘက် ရောက်လာတဲ့ ရမ်းကုပဲလေ။ ရမ်းကု ဆိုသော်ငြား ကိုမြင့်သိန်းက ဂုဏ်လေးတော့ ခံချင်သေးတာ။

"ဟေ့ သစ်ချိုကုန်းက နိုင်ဦးတို့ လှမောင်ထွေးတို့ ကိုမျိုးမြင့်နိုင်တို့လိုတော့ ငါမမိုက်ဘူး မောင်တင့်ရ။ မင်းကြည့်စမ်း။ နိုင်ဦးတို့ ဘာကုလဲ။ လူကုတာမလား။ ဟေ့ လူလောက် ရောဂါများတာ ရှိမလား။ ကင်ဆာ ၊ သွေးတိုး ၊ အကြိတ် ၊ အရိုးကျိုး ၊ ရာသီဖျား ၊ ဆီးပူညောင်းကျ ၊ ကိုယ်တွင်းရောဂါ။ ဟာ ရေမကုန်ပါဘူးကွာ။ ယောင်္ကျားမိန်းမတောင် ရောဂါအမျိုးအစားက ပြန်ခွဲတမ်းချယူရသေးတယ်။ ရမ်းကုချင်းတူတူ ဒီလောက် များတဲ့ ရောဂါ ဒင်းတို့ ကုနိုင်ပါ့မလားကွ မောင်တင့်ရ။ ဘယ်ကုနိုင်မလဲ။ အားလုံး မှိန်းတုပ်နေကြတာ။ အဲ့ကောင်တွေနဲ့ စာရင် ငါ့အလုပ်က လွယ်လည်းလွယ် ချောင်လည်းချောင်တယ်။"

"မင်းစဉ်းစားကြည့်။ ဝက်နွားဆို ဆီးချုပ်ဝမ်းချုပ် ၊ ခြေပုတ်လက်ပုတ် ၊ ခွာနာလျှာနာ နဲ့ မသကာ ပိုးထိတာလောက် အဖြစ်များတာ။ တခြား ကူးစက်ရောဂါဆိုတာမျိုးကလည်း ကုထုံးအသေအချာ ရှိပြီးသား။ အေး နွားတွေ ဝက်တွေက လူစကားမပြောတတ်လို့သာ ရောဂါလက္ခဏာ ကိုယ်ဟာကိုယ် စမ်းရှာရတာပဲ ဒုက္မများတာ။ ဒါလည်း မခက်ပါဘူး။ ဆေးစမ်းကြည့်လို့ မထိရင် ပြောင်းသုံးရုံပေါ့။ ဒါနဲ့မှ အဆင်မပြေ ဓါတ်ပုံရိုက်ပြီး ငါ့ဆရာတွေ ပို့ပေးလိုက်ရင် လွယ်လွယ်လေး။ မဟုတ်ဘူးလား။"

"လူများတော့ သွားမစမ်းလေနဲ့။ ဆေးပေးမှားလို့ ရှောဘရားသားဖြစ်သွားရင် သွားပေတော့ ဂျေးထဲ။ နောက်ပြီး လူလောက် ပစိပစပ်များတာ ရှိဦးမလား။ နွားကမှ ဆေးလာကုတာ မကြိုက်ရင် နောက်ခြေနဲ့ ဘက်ကန်ပြီး ဆန္ဒပြတာ ၊ ဂျိုနဲ့ဝှေ့ပြီး ပြဿနာရှာတာလောက် လုပ်နိုင်တာ။ လူကတော့ဗျာ။ မင်း အကုများ မှားသွားရင် အထက်သွားလက်တို့လို့ကတော့ သွားပြီ လိုက်ပေတော့ ရှင်းပေတော့ပဲ။ ကဲ ဘာလို့ငါ နွားဆရာလုပ်တာလဲ သိပြီမလား။ ဟေ့ဒီမှာ လူဆိုတာ မှားတတ်တယ်ကွ။ အဲ လူမှားရင်တော့ လူမခံဘူးကွ။ အတိုင်အတောတွေ လုပ်တတ်တယ်။ နွားတွေကတော့ မှားလည်း ဘာမှမဖြစ်ဘူး။ လူမှားလို့ နွားကနေ အမဲသားဖြစ်လည်း ဘာအရေးလဲ။ တစ်ပိဿာ ၂ သောင်းခွဲ ခေါင်းခေါက်ရောင်းလို့ ရတယ်ဆရာ။ အဲ့ဒါမို့ မင်းကို နွားဆေးကု သင်ပေးနေတာ။ နားလည်လား။"

မောင်တင့်လည်း ဦးလေးသိန်းဩဝါဒ ခေါင်းတငြိမ့်ငြိမ့် နားထောင်ရင်း ရွာဘုန်းကြီးစကားကို ပြေးကြားနေမိတယ်။ "ဒကာတင့်ရဲ့။ တို့ တောက်တဲ့ကုန်းများတော့ ဒကာသိန်းလိုမျိုးလူက ရှားမှရှားပဲနော်။ ရှေ့ရေးလည်း အမြင်ကြီးပါဘိသနဲ့။ သူ့ဆီက ပညာတွေ ရတုန်းယူထား မမှားဘူး"တဲ့။ မှန်ပါတယ်။ မမှားပါဘူး။ မမှားဆို မှားလို့ရတဲ့ခွင်ကိုမှ ဦးလေးသိန်းက ကိုင်ထားတာကိုး။


- ငြိမ်းဝေမင်း