တာဝန်ယူရဲတဲ့ သတ္တိ

အသက်မကြီးသေးပါဘဲနဲ့ ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြောချင်နေမိတာ ဖေဖေ့အားနည်းချက်ပါပဲ သမီး။ အသက်ကြီးလာတဲ့အခါ အတိတ်အကြောင်း တအားတွေ ပြောချင်တဲ့ ဖိုးပြောချင်ကြီးများ ဖြစ်လာမလားမသိ။ အတိတ်ဆိုမှ ပြောရဦးမယ်။
လူတွေက ကာလသုံးပါးမှာ အတိတ်ကို လျှော့အတွက်ဆုံးလို့ ဖေဖေတော့ ထင်တယ်။ ပုဂ္ဂလိကထင်မြင်ချက်ဖြစ်လို့ ကိုယ့်ဟာနဲ့ကိုယ်ပဲ မှန်တဲ့ ယေဘုယျအထင်ပါ။ ဒါပေမယ့် ဖေဖေတော့ လူအတော်များများဟာ အနာဂါတ်ကို မျှော်မယ်၊ ပစ္စုပ္ပန်ကို အကောင်းဆုံး ရင်ဆိုင်ဖို့ အားပေးမယ်။ အတိတ်တော့ နေခဲ့ရော့ဆိုပြီး ထားချင်ချင်ဖြစ်တာ အများသားလို့ ထင်တယ်။
ဘုရားရှင်ကတော့ အတိတ်ကိုလည်း မပြန်နဲ့ အနာဂါတ်ကိုလည်း မကြံနဲ့။ ပစ္စုပ္ပန်မှာ တည့်တည့်နေ ဆိုပြီး ဆုံးမတာပါပဲ။ ပုထုဇဉ်ကိုယ်တို့များကတော့ အခုမရှိတော့ပေမယ့် ရှိခဲ့တာ သေချာခဲ့တဲ့ အတိတ် နဲ့ မရှိမဖြစ်သေးပေမယ့် ရှိ/ဖြစ်စရာ အလားအလာရှိပေတဲ့ အနာဂါတ်ကိုပဲ ပိုဓါတ်ကျတာ များပါတယ်။ ဘုရားစကား နားထောင်ခြင်း မထောင်ခြင်းနဲ့တော့ ယှဉ်မပြောနဲ့ပေါ့။ ဒီလိုသာ ပြောကြေးဆို ဘုရားရှင်တောင် စရိုက်နဲ့ အချိန်အခါလိုက်ပြီး အတိတ်ဇာတ်ဟောင်းအကြောင်းပြု ချေချွတ်တာတွေ ရှိသေးတယ်မလား။ ဘာပဲဖြစ်ဖြစ် ကာလ ၃ ပါးထဲကမှ အတိတ်အကြောင်းတွေဟာ စကားဝိုင်းတွေမှာ မျက်နှာမလှတတ်ဘူး ထင်တယ်။
အတိတ်အကြောင်း သိပ်ပြောရင် တချို့တွေက "ချေးခြောက်ရေနှုးမလုပ်စမ်းနဲ့" ဆိုပြီး ခပ်ကြမ်းကြမ်းတောင် ပြစ်တင်တတ်ကြတယ်။ တချို့ကလည်း ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့တာတွေဆိုပြီး ခပ်နှိမ်နှိမ်လုပ်ချင်သေး။ ဘယ်အတိတ်ကများ ပြီးပြည့်စုံပြီး လှနေတယ် ရှိပါ့မလဲ။ အတိတ်တိုင်းက ရွှေထီးအောက်မှာ ရောက်နေတာ မဟုတ်ဘူးလေ။ တုံးတစ်လှည့်ဖားတစ်လှည့် လောကဓံလှည့်ပုံဆန်းရင် ဆန်းသလို ရေစီးတစ်ခါ ရေသာတစ်လှည့် ဖြစ်ခဲ့မှာပါပဲ။
အတိတ်တွေဟာ တစ်ဖန်ပြန်ခံစားဖို့ရာ မဟုတ်နိုင်ပေမယ့် လူ့အဆင့်ကို မြှင့်ပေးမယ့် အတွေ့အကြုံပြန်စစ်ထုတ်ချက်တွေ ထွက်လာစေတဲ့အရာပါ။ အနာဂါတ်ကနေ သင်ယူဖို့ မဖြစ်နိုင်ဘူး သမီး။ အတိတ်ကနေပဲ သင်ယူရတာပါ။ ဒါကြောင့်ပဲ ဖေဖေက အတိတ်အကြောင်း ပြောပြချင်တာ။ သမီး သင်ယူလို့ရမယ့် အတိတ်တချို့ပေါ့။
ဖေဖေတို့ ငယ်ငယ်က အရိုက်ကြမ်းတဲ့ ဆရာတစ်ယောက်ရှိခဲ့တယ်။ သူသင်တဲ့ဘာသာရပ်က အရမ်းတော့ မခက်ပါဘူး။ ကျက်စာပါပဲ။ ပြဿနာက လက်ပါတာပဲလို့ ပြောရမယ်။ စာမေးလို့ နည်းနည်းထောင့်နေပြီဆိုရင် အဲ့ဒီကျောင်းသားနဖူးကို သိုင်းသမားများလို လက်သီးဆုပ် ထုခံရပြီမှတ်တော့။ ကျောင်းနောက်ကျလည်း ထု ၊ ကျောင်းပျက်လည်း ထု ၊ စာသင်ခန်းထဲ စကားပြောလို့လည်း ထုနဲ့ အတော်လက်ပါတဲ့ဆရာပေါ့။ ဖေဖေတို့တစ်ဖွဲ့လုံး ဒီဆရာလက်ချက်နဲ့ နဖူးမှာ အမှတ်တရမကျန်ခဲ့တဲ့ကောင် မရှိဘူး။ အတော်လက်သံပြောင်တဲ့ဆရာ။
တစ်နေ့တော့ ဆရာက သူဘာသာရပ်ကို ရုတ်တရပ်ကြီး အစမ်းစာမေးပွဲစစ်ပါလေရော။ မှတ်မှတ်ရရ အပေါ်ထပ် သစ်သားကျောင်းဆောင်ရဲ့ တောင်ဘက်ပြတင်းဘေးမှာ ဖေဖေတို့ ထိုင်တဲ့ ခုံပုပုလေးတွေ ရှိတယ်။ ထိုင်တာကတော့ သစ်သားကြမ်းပြင်ပေါ်ပဲ ထိုင်ရတာပါ။ ကြမ်းပြင်နဲ့ ပြတင်းတွေက တစ်တန်းတည်းတွေ။ ပြတင်းက အပေါ်တစ်ကန့် အောက်တစ်ကန့်ပေါ့။ တစ်ခုံမှာ လေးယောက်ထိုင်ကြတာပါပဲ။ ဆရာက မေးခွန်းတွေ ဘလက်ဘုတ်ပေါ် ရေးပေးတယ်။ ရေးပေးရင်းနဲ့လည်း
"အသံမထွက်နဲ့။ ကိုယ့်ဟာကိုယ်ဖြေ။ ခိုးချရင် နာပြီမှတ်" လို့ ကျောင်းသားတွေဘက် လှည့်ကြိမ်းတယ်။ ဖေဖေတို့အဖွဲ့က မေးခွန်းကြည့်ပြီး ဇောချွေးပျံနေပြီ။ ပျံဆို ဆရာ့မေးခွန်းထဲမှာ ကိုယ်ကျက်မထားတဲ့ အပုဒ်တွေ ပါလာတာကိုး။ ပါဆို သင်တောင်မထားတဲ့အပုဒ်တွေပါ ဆရာက ကောက်မေးထားတာပါ။ ဂွတော့ ကျပြီဆိုပြီး လှမြင့်စိုးဘက်ကြည့်တော့ ဒီကောင်က စာတွေ လှိမ့်ရေးနေပါလား။ သူမသာကိုယ်မသာ ဘော်ဒါတစ်ယောက် စာတွေ ရနေတာ သိပ်တော့ ခံစားချက်ကောင်းမနေဘူးလေ။ လှမြင့်စိုးကြီးကတော့ အဲ့ဒီနေ့ကမှ ရေးကောင်းနေတာ ခေါင်းတစ်ချက် မဖော်တော့ဘူး။
လှမြင့်စိုးကြီးကို အံ့ဩနေတာ ဖေဖေတို့တင် မဟုတ်ဘူး။ ဆရာလည်း ပါတယ်။ မသင်္ကာတဲ့ ဆရာက ဖေဖေတို့ အနောက်ခုံကနေ ဘယ်ကတည်းက ကြည့်နေတာလည်းတော့ မသိဘူး။ "ဖြောင်း"ခနဲ အသံတစ်ချက် ကြားလိုက်မှ လှမြင့်စိုးနောက်စေ့ကို ဆရာ စာအုပ်နဲ့ ကောက်တွယ်လိုက်မှန်း သိလိုက်ရတာ။ ပိန်သွယ်သလောက် သွက်လက်တဲ့ဆရာက ဖျပ်ဆို စာရေးခုံရှေ့ ရောက်လာပြီး လှမြင့်စိုးနဖူးတစ်ချက်ကို သိုင်းသမားထိုး ထိုးလိုက်တယ်။ မြန်ချက်က။
"စာမခိုးနဲ့လို့ ငါဒီလောက်ပြောတာကိုတောင် ခိုးချတယ် ဟုတ်လား" ပြောပြီး တစ်ချက် ထပ်ထိုးပြန်တယ်။
ဆရာက လက်တစ်ဖက်က လှမြင့်စိုးနဖူး ထိုးရင်း လက်တစ်ဖက်က သူ့ ရှေ့ခုံဘေးက ပြတင်းပေါက်နား ဖွင့်ထားတဲ့ စာအုပ်ကို လက်ညှိုးထိုးပြမှ ဖေဖေတို့လည်း သတိထားမိတာ။ လှမြင့်စိုးကြီးက အဲ့စာအုပ်ကြည့်ပြီး ကူးရေးနေတာကိုး။ ဒေါသကြီးတဲ့ ဆရာက တော်တော်နဲ့ အခဲမကျေသေး။ လှမြင့်စိုးကြီး နားရွက်ကို လက်တစ်ဖက်နဲ့ ဆွဲလိမ်လိုက်သေးတယ်။ လှမြင့်စိုးကြီးကတော့ ဟင်းခိုးစားမိတဲ့ ခွေးလေးတစ်ကောင်လို ဖြစ်နေတာပေါ့။ အဲ့လို နှိုင်းမိတာ အားနာပေမယ့် ဒီဥပမာနဲ့ လှမြင့်စိုးအခြေအနေက ပိုနီးစပ်နေတာကိုး။
လှမြင့်စိုးကြီး နဘန်ကျင်းခံရတာကို ကြည့်ရတာ သနားတောင်လာတယ်။ စာမရလို့ ထိုင်ထ လုပ်ရတာက ဒီလောက် မဆိုးဘူးမလား။ ဆရာကတော့ သူ့ဝသီအတိုင်း လက်လည်း ပါ ၊ မွှန်နေအောင်လည်း ဆူတော့တာကိုး။ လှမြင့်စိုးကတော့ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ပယ်ပယ်နယ်နယ် အလဲထိုးခံနေရတဲ့ လက်ဝှေ့သမားတစ်ယောက်လိုပါပဲ။ အဲ့ဒီအချိန်မှာ ထင်မထားတာတစ်ခု ဖြစ်လာတယ်။ ဖေဖေတို့ ရှေ့ခုံက မိန်းကလေးတစ်ယောက်က ထလာပြီး ဆရာ့ကို ပြောလိုက်တာပါ။
"ဆရာ အဲ့ဒီစာအုပ်က ကျွန်မဟာပါ။ " ဆရာက တင်းခနဲဖြစ်သွားပြီး အဲ့ဒီကျောင်းသူကို ကြည့်တယ်။ ဆရာ့ဒေါသကို သိပေမယ့် ကောင်မလေးက မကြောက်ဘူးဗျာ ။ ထပ်ပြောတယ်။ "ကျွန်မ စာမရလို့ ခိုးချတာပါ။" တဲ့။ ဆရာလည်း ကြောင်သွားတာပေါ့။ အဲ့ဒါနဲ့ ဆရာက "မင်းတို့တွေထဲမှာ အခု ဘလတ်ဘုတ်ပေါ်က စာတွေ မရတဲ့သူ ရှိရင် ထ"တဲ့။ ခဏလောက် တိတ်သွားပြီးတော့ ဟိုးထောင့် တခြားရွာက ကောင်တွေ ထလာတယ်။ နောက် ရှေ့ခုံက ကောင်မလေးတွေ ၊ ဒီဘက်က ကျောင်းသားကျောင်းသူတွေ ပြီးတော့ ဖေဖေတို့ရောပေါ့။ အကုန်လုံး ထရပ်တော့ ဆရာမျက်လုံးပြူးသွားတယ်။ အခြေအနေမှန်ကိုလည်း သူသိသွားပုံပါ။
ဖေဖေပြောခဲ့သလို တချို့အပုဒ်တွေက ဆရာမသင်ရသေးပါဘူး။ ဆရာ့ကို ကြောက်လို့သာ ဘယ်သူမှ ထ,မပြောခဲ့တာပါ။ ဆရာလည်း ငူငူကြီး ဖြစ်သွားပြီးမှ ပြဌာန်းစာအုပ်ကို တစ်ရွက်ချင်း လှန်ကြည့်နေတယ်။ တစ်နေရာရောက်တော့ စာအုပ်ထဲ လက်ထည့်ပိတ်ရင်း ခပ်တိုးတိုး ပြောလိုက်တယ်။ "ဆရာမှားသွားတယ်" တဲ့။
ပြီး ထပ်ပြောပြန်တယ်။ "ဆရာမှားသွားတယ်ကွာ" တဲ့။ ပြီးတော့ လှမြင့်စိုး ပုခုံးကိုင်ပြီး "အလှကြီး (အလှကြီးဆိုတာ လှမြင့်စိုးကို ဆရာခေါ်တတ်တဲ့ နာမည်ပါ။ ဆရာက ဒီလိုပဲ ဖေဖေတို့ကို သူ့စိတ်ကြိုက် နာမည်ပေးထားတာ။) ဆရာ မှားသွားတယ်ကွာ။ ဒါတွေ ဆရာသင်ပြီးသားမှတ်လို့။ ဆရာ့ကို စိတ်မဆိုးပါနဲ့ကွာ" လို့ တောင်းပန်တယ်။ အဲ့ဒီနေ့က ဆရာ အတန်းစောဆင်းသွားတယ်။ မျက်နှာလည်း မကောင်း။
ဒီဖြစ်ရပ်တွေက နှစ်ပေါင်းတော်တော်ကြာခဲ့ပြီ။ ကြာဆို ဖေဖေ လေးတန်းနှစ်က အဖြစ်ကိုး။ ဒါပေမယ့် မေ့မရတော့ဘူး။ အခါသင့်ရင် သင့်သလို ဒီဖြစ်ရပ်ကို သင်ခန်းစာထုတ်ယူမိတာပဲ။ ငယ်ငယ်က ဒီဖြစ်ရပ်ကို သူငယ်ချင်းတွေအကြား လှမြင့်စိုးကြီး အတီးခံရတဲ့အကြောင်း ဟာသလုပ်ခဲ့မိတယ် ၊ ဆရာလက်သံပြောင်ကြောင်း တိုးတိုးကြိတ်ကြိတ် အတင်းတုပ်ခဲ့မိတယ်။ အခု ကြီးလာတော့ ဒီဖြစ်ရပ်ပေါ် သဘောထားအမြင်ကွဲလာခဲ့ပြီ။ ဆရာဟာ ဒေါသကြီးပေမယ့် သူ့အမှားသူ တာဝန်ယူခဲ့တယ်။ ငါဆရာပဲဆိုပြီး ပြီးပြီးရော မလုပ်ခဲ့ဘဲ တပည့်လက်သားအပေါ် တလေးတစား ပြန်တောင်းပန်ခဲ့တယ်။
မူလစာခိုးချတဲ့ ကောင်မလေးကရော သတ္တိမကောင်းပေဘူးလား။ တာဝန်ယူရဲတဲ့စိတ် မမြင့်ပေဘူးလား။ ဒီစိတ်ဓါတ်ဟာ သိပ်အရေးပါတဲ့ တန်ဖိုးတစ်ခုပဲလေ။ တာဝန်ယူရဲတဲ့သတ္တိတွေလောက် လူကို ရင့်ကျက်ကြီးမြတ်စေတာ ရှားမယ်ထင်တယ်။ ဒီအရည်အသွေးက လူ့အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ကိုယ့်ဘဝအတွက်ပဲ ဖြစ်ဖြစ် သိပ်အသုံးဝင်တာ ဖေဖေဖြင့် အသက်ကြီးလေ ပိုသိလာလေလေပဲ။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူဖို့ သိပ်လိုအပ်တယ်။
"မိဘမထောက်ပံ့နိုင်လို့ ကျွန်တော် မချမ်းသာတာ" ဒါမှမဟုတ် " ခင်ဗျားတို့လို အခြေအနေပေးရင် ကျွန်တော်လည်း ပညာတတ်ကြီး ဖြစ်မှာပဲ"တို့ "သူ့လိုသာ အရင်းအနှီးရှိကြည့်ပါလား။ သူ့ထက်သာတဲ့ စီးပွားရေးလုပ်ပြဦးမယ်"တို့ ဆိုတဲ့ စကားတွေ ကြားဖူးတယ်မလား။ ဒါတွေအကုန်လုံးက ကိုယ့်ညံ့ချက်ကို ကွယ်ဝှက်ဖို့ ထမင်းရည်ပူလာ လျှာလွှဲ လျှောက်လှဲချက်ပေးပြီး ကိုယ့်ဟာကိုယ် သက်သာအောင် လိမ်နေတာပေါ့။
မိဘဖြစ်စေ ၊ ချစ်သူရည်းစား ဇနီးခင်ပွန်းဖြစ်စေ သူနဲ့ သက်ဆိုင်သူကို သူ့အဖို့ရာ အကန့်အသတ်နဲ့ပဲ တာဝန်ယူပေးလို့ရမယ်။ ဘဝတစ်ခုလုံး ၊ စရိုက်ကွင်းဆက်တစ်ခုလုံး တိုးတက်ပြောင်းလဲဖို့က ကိုယ့်ဟာကိုယ်ပဲ အလုံးစုံ တာဝန်ယူရတာ သမီး။ တာဝန်ယူရဲတဲ့ စိတ်မရှိဘဲနဲ့တော့ ဘယ်တော့မှ အမြင့်မရောက်ဘူး။ ဘယ်တော့မှ ဂုဏ်သတင်းကောင်းနဲ့ အလေးစားခံရမှာ မဟုတ်ဘူး။ တာဝန်ယူရဲတဲ့သတ္တိဆိုတာ သာမန်သူလိုကိုယ်လို လူတွေနဲ့ မဆိုင်တဲ့ အရည်အသွေးတစ်ခုပါ။
တာဝန်ယူမှုနဲ့ ပတ်သက်လို့ Gilbert's Law ဆိုတဲ့ နာမည်ကျော် ဥပဒေသတစ်ခုရှိတယ် သမီး။ ဒီဥပဒေသက အခုလို ဆိုလေတယ်။ " အလုပ်ခွင်မှာ အကြီးဆုံးပြဿနာက ဘာလုပ်ရမယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောတာပဲ။"တဲ့။ ဒီအဆိုအရ အလုပ်တစ်ခု လုပ်ရတော့မယ်ဆိုရင် လိုချင်တဲ့ ရလဒ် desired result ထွက်ဖို့ အကောင်းဆုံးနည်းလမ်းတွေ ရှာရမှာက အမြဲတမ်း ကိုယ့်တာဝန်ပဲလို့ ပြောချင်တာပါ။ ကိုယ့်ကိုယ်ကို အကောင်းဆုံး တာဝန်ယူရတယ်လို့ ပြောချင်တဲ့ လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေသဆိုပေမယ့် နယ်ပယ်တိုင်းအတွက် မှန်ကန်တယ်လို့ ပြောရမှာပေါ့။
ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ချင်ရင် တစ်နေ့ချင်း တာဝန်ယူရဲတဲ့အကျင့်မွေးသွားဖို့ လိုမယ်ထင်တယ်။ ကိုယ့်လူမျိုးကိုယ့်နိုင်ငံကို မြှင့်တင်ချင်တဲ့သူအဖို့တော့ ဆရာဗန်းမော်တင်အောင် ပြောသလို ခေတ်ကြီးက သူ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို ကျေကျေပွန်ပွန် သယ်ပိုးသွားဖို့ပဲလို့ ပြောရမှာပဲလေ။ တာဝန်ယူရဲတဲ့ စိတ်အလှရှိရင် လူမှုဘဝတွေ ပိုလှလာမယ်လို့ ဖေဖေတော့ ယုံတယ်။ ဘယ်လိုထင်လဲ သမီး။