အငွေ့ပျံနှစ်များ

အငွေ့ပျံနှစ်များ

ကာလတစ်ခုဟာ ဖြတ်ကျော်မှု သမိုင်းပါပဲ။ ဘာကိုမှ ပြန်သိမ်းထုပ်လို့ မရဘူး သမီး။ သိပ်ပြီး အမှတ်ရနေရင် ပြန်ဖော်ယူရုံပဲ ရှိတယ်။ အရင်းတိုင်း ပြန်ရဖို့ မဖြစ်နိုင်။ အချိန်တွေကတော့ အရင်လို မဟုတ်တော့ဘူး။ ပြောင်းလဲရောပေါ့။ ၂၀၁၃-၁၄ တွေက သိပ်သာယာတယ်။ သာယာပုံလေး ပြောချင်သေး။

အဲ့ဒီနှစ်တွေတုန်းက ကိုယ်တို့ (သေပြီး/ရှင်သူ သူငယ်ချင်းတွေအတွက် ရည်စူးပြီး ကိုယ်လို့ သုံးပါရစေ) တွေ သိပ်ကြည်နူးခဲ့တာ။ မြန်မာပြည်အထက်ပိုင်းမှာ လာစုကြတဲ့ အပေါင်းအသင်းတွေ။ အခုနေတော့ သူတို့တွေလည်း ပြည်တွင်းထဲ ကျဲတောက်တောက် ပြည်ပရောက်နေသူအများသား။ လွမ်းစရာ့ လွမ်းစရာပါ။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ဒီအချိန်တွေဆို ကိုယ်တို့ရဲ့ ဖောင်တော်ဦးတောင်ဟာ နှင်းရီမှိုင်း မြူဆိုင်းလို့ လှ,နေပြီ။ ညနေရီဆို မိုးယံပေါ်မှာ အမည်မသိ အိပ်တန်းပျံကြမယ့် ငှက်တွေ။ အဝေးမန္တလေးဆီ ရီဝေလဲ့ပြာ ပန်းဆီရောင် လွင့်တက်နေတဲ့ တိမ်များ တောင်များ အရောင်များ။ ကိုယ်ဟာ သခင်မတောင်ကို မြင်သာတဲ့ တက္ကသိုလ်ဝရန်တာထက်ကနေ မြို့ဘက်ဆီ ငေးနေမိတယ်။ မြို့ကို မမြင်ရပါ။ မြင်ရလောက်အောင်လည်း နီးမနေပါ။ မှောင်ရီမှုန်နေတဲ့ ညနေတွေမှာ မြင်ကွင်းတိုင်းဟာ တိမ်လား မြူလား မကွဲပြား။ ကိုယ်တို့နဲ့ လာမယ့်ဘဝကို ခြားနားထားတဲ့ အနာဂါတ်တွေကို ရေးရေးမြင်ခဲ့ရတဲ့ နှစ်များ။ 

ဒီအချိန်ဆို ရွာထဲက အဆောင်သူတို့ အိပ်ရော့မယ်။ ဒါမှမဟုတ် ဂစ်တာအတီးကောင်းတဲ့ ရှမ်းလေး ၊ မျောက်ကြီး ၊ ဂျားပန်တို့ အဆောင်လှည့်လို့ သီဆိုရော့မယ်။ ရွာအိုသင်္ချိုင်းရယ်လို့ အမှတ်ထားတဲ့ ကျောင်းနိမိတ်ကနေ အနောက်စူးစူးကို ကြည့်ရင် ညဘက် လသာသာမှာ လှပုံဆန်းရဲ့လို့ ကိုယ် အမြဲငေးမိတာပဲ။ ညနက်နက် လသာသာမှာ တကျောင်းလုံး ကိုယ်နဲ့ ကိုယ့်အသိတစ်ယောက်တလေ ၊ တစ်ခါတစ်ခါဆို ကိုယ်တစ်ယောက်တည်း နေပြီး ဝရန်တာကနေ အဝေးညမြင်ကွင်း လသာသာကို ငေးမိတဲ့အခါ ဘဝရဲ့ နောက်ဆုံးအခိုက်အတန့်များရယ်လို့ ထင်မှတ်များခဲ့တာလည်း အခါခါ။ 

လူတွေက ဘဝကို လက်ဆုပ်လက်ကိုင်တစ်ခုခုနဲ့ တိုင်းတာကြတာ များတယ်။ ဒီဘက်ခေတ်မှာ အလုပ်များတဲ့ အလေ့အထပါပဲ။ ကိန်းဂဏန်းများ ၊ စက္ကူအရောင်နဲ့ တန်ကြေးများ။ ရောက်ရှိရာ နေရာများ ... ကိုယ်ကတော့ လရောင်အောက်က နှစ်များကို လွမ်းပါတယ်။ တစ်ခါက တက္ကသိုလ် အလင်းပြန်နှစ်များလည်း ဖြစ်လိမ့်မယ်။ အဲ့ဒီတုန်းက လူစုံတယ်။ အခု သေသွားတဲ့သူတေါ အသက်ရှင်နေခဲ့တဲ့ နှစ်တွေပါပဲ။

မှတ်မှတ်ရရ။ ကိုယ့်အရင်းဆုံး မိတ်ဆွေ သရဲခြောက်ခံရတဲ့အကြောင်း ပြောချင်ပါတယ်။ စာမေးပွဲတွေ နီးလာတော့ မဟာတန်းက ကိုယ်တို့တတွေ အရူးထပြီး တက္ကသိုလ် မိန်းဆောင်ထဲ စာလာကျက်ကြတယ်။ စောက်ရူးတွေ။ တစ်နှစ်လုံး ထန်းတော နဲ့ ဖဲဝိုင်း ရောက်ခဲ့ပြီးမှ အခု လိမ္မာပြနေတာ။ ကိုယ်တို့ပါပဲ။

ကျောင်းနဲ့ ကိုယ်တို့နေတဲ့ ရွာက နီးနီးလေး။ နီးဆို ဆည်ပေါင် တံတားကို ကျော်ရင် တက္ကသိုလ်ဝင်းထဲ ဝင်ကရောပေါ့။ စာမေးပွဲနီးတော့ ကျောင်းမှန်မှန်မတက်တဲ့ ကိုယ်တို့ ကျောင်းထဲက ကိုယ်တို့ စာသင်ခန်း မိန်းဆောင်ထဲ ရောက်တယ်။ အများကြိးပါပဲ။ နာမည်တွေ အကုန်လိုလို မှတ်မိပေမယ့် ပြောရင်ကောင်းပါ့မလား မသေချာလို့ ကိုယ်တော့ ချန်ထားခဲ့ချင်တယ်။ 

တစ်ညသား စာမေးကြီး နီးလို့ ကျောင်းထဲ မိန်းဆောင်မှာ စာလာကျက်ချိန်ပေါ့။ ညကလည်း ၁၀ ခွဲ ၁၁ လောက် ရှိရော့မယ်။ သူငယ်ချင်းတစ်ယောက်က စာသင်ခန်းထဲ ဘလက်ဘုတ်ရှေ့ခုံမှာ အရှေ့အနောက် လျှောက် စာအော်ကျက်ရင်း ၊ အခု ဂျပန်ရောက်နေတဲ့ ကိုယ့်အပေါင်းအသင်းတွေက တစ်ခုံစီမှာ တိုးတိုးဝှေ့ဝှေ့ တွက်ချက်ရင်း  ၊ ကိုယ့်ဘော်ဒါတစ်ပွေက တိုးတိုးဖွဖွ ရွတ်ရင်း မှတ်ရင်း ၊ ကိုယ်ကရော သူတို့လို အတူတူ စီးမျောရင်း ,,,,

ဒီနေရာကို တိုးချဲ့ဆောင်လို့ ခေါ်ကြတယ်။ ကျောင်းကြီး တိုးချဲ့တော့ ရွာနိမိတ်က ကျောင်းဝင်းထဲ ပါသွားတယ်။ ရွာနိမိတ်အဆုံးက သင်္ချိုင်းလည်း ကျောင်းထဲ ရောက်သွားတာပေါ့။ ကျောင်းဝင်း အနောက်စူးစူး ရါာရဲ့ မြောက်လက်မှာ သင်္ချိုင်းအိုတစ်ခု ရှိတယ်။ တတိယအထပ် ကျောင်း ဝရန်တာကနေ အနောက်ဘက်ကို ငေးရင် သင်္ချိုုင်းကို မြင်ရမယ်။ သို့သော် အဟောင်းအမြင်း အုတ်ပုံရွဲ့တစ်ခု အနေနဲ့သာ ....

တစ်ညသား ... ကိုယ်တို့တွေ ကျောင်းထဲ မိန်းဆောင်မှာ စာလာကျက်ရင်း mood မပါတော့ အခုနေ ရွာထဲက လက်ဖက်သုတ်လေး စားရကောင်းချည်ရဲ့လို့ (တကယ်တော့ ... ရွာအနောက်ဘက်ခြမ်း ကိုဇော်ဦးတို့ ကျောဘေးက ဘီယာလည်း ပါသေး)။ ဒါနဲ့ ကိုယ့်ဘော်ဒါတစ်ပွေကလွဲ အားလုံး ညကြီးမင်းကြီး ရွာဘက် သုတ်ခြေတင်ကြတယ်။ ရွာလယ်က အန်တီဝေတို့ အသုတ်ဆိုင်က လက်ဖက်သုတ်နှစ်ပွဲ ၊ ခေါက်ဆွဲသုတ်တစ်ပွဲ ၊ ဘီယာတချို့နဲ့ အမြည်းထုပ်လေးတွေလည်း ပါသေး။ တချို့ညတွေကို ကိုယ်တို့ ဖြတ်ကျော်ပုံလေးပေါ့။

ကိုယ်တို့ ၊ ဂျပန်ရောက် သူငယ်ချင်းတို့ စာသင််ခန်းထဲ ပြန်ရောက်တော့ ကိုယ့် သူငယ်ချင်းက ထိပ်ပြာလူးလန့်။ သူပြောတာကို အတိုချုပ်ရရင် သတ်ထားတဲ့ စီးကရက်မီးက အငွေ့ထသတဲ့။ သေချာအောင် နှစ်ခါ သုံးခါ တံတွေးဆွတ် မီးသတ်ခဲ့ပါလျက်နဲ့ ငွေ့ငွေ့တက်မီးတွေ သူမြင်နေခဲ့တယ်ဆိုပဲ။ ကိုယ်တို့မှာ မယုံတစ်ဝက် ယုံတစ်ဝက်? ကိုယ့်ဘော်ဒါကတော့ အပ်ချမတ်ချကြီးကို ပြောနေတာ။ ဒီနေ့ထိတိုင်ပေါ့။ သေသေချာချာ တံတွေးဆွတ် မီးသတ်ခဲ့တဲ့ ဆေးလိပ်ကနေ တထောင်းထောင်းထ မီးခိုးများ... မယုံချင်တောင် တကယ်ဖြစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါကို လက်ခံရမယ်။ ကိုယ်တော့ လက်ခံပါတယ်။ အံဘနန်းဆန်းပြားမှုတွေက ကျန်နေဦးမယ်။ ကိုယ်တို့ ဘယ်ရှင်းပြလို့ ရပါ့မလဲ။ ဒီအံ့ဖွယ်ကိုပဲ ကိုယ်တို့တွေ အဓိပ္ပါယ်ဖွင့်နေတာမလား။

ဘဝမှာ ကိုယ်နားမလည်နိုင်တဲ့ တကယ်ဖြစ်ရပ်စစ်စစ်တွေက ပုံစံတစ်မျိုးစီနဲ့ အမြဲရှိတယ်။ ယုံယုံ မယုံယုံ လက်ခံဖို့ လိုတဲ့အခါတွေ ရှိတတ်တယ်လို့ ပြောချင်ပါတယ်။ ဘာတွေ တကယ်ဖြစ်ခဲ့လဲ။ တစ်ဦးတစ်ယောက်ချင်းစီမှာ ဆန်းပြားတဲ့ မှတ်ဉာဏ်ဆိုင်ရာဖြစ်ရပ်တို့ ရှင်ကျန်ခဲ့လိမ့်မယ်။ ဒါကိုပဲ ဘဝလို့ ခေါ်ကြတယ်မလား။ ဆန်းပြားစရာ အမှတ်ရချက်များကို သယ်ဆောင်လက်ဆင့်ကမ်းရင်း ကိုယ်တို့ကိုယ်တိုင် လက်မခံ မယုံနိုင် ဖြစ်ကြရင်း အသက်တွေကြီးကြ ၊ ချစ်ကြမုန်းကြ ၊ အိုမင်း ၊ သေဆုံးကြ ၊ ဒီဘဝက ဒီလောက်ပါပဲလေရယ်လို့ တွေးမိကြ။ ကိုယ်တော့  ငေးမောအံ့ဩ ...အငွေ့တစ်ခုလို လွန့်လွန့်မြူးပျံ... အမြင့်ဆီ တက်ခဲ့တဲ့နှစ်များ....

ပျံပေတော့ ပျံလိုက်ပေရော့.... မော့ကြည့်ရင် ကြွေတဲ့ကြယ်ကို မြင်မယ်တဲ့... ငုံ့ကြည့်ရင်ရော? ကိုယ်တို့ ဘယ်တော့မှ ထိမရတဲ့ အမှုန်အမွှားတွေ? ? လူ့ဘဝဟာ ဒီလိုပဲ။ တစ်ခု ရှင်သန်ဖို့ တစ်မယ် ဓါတ်ပြယ်ခဲ့ရ။ တစ်ခု လူးလွန့်ဖို့ တချို့ ရုန်းထခဲ့ရ။ ကိုယ်တွေရဲ့ အမှတ်ရချက်က ရိုးရိုးပဲ။ လွဲခါမှ လွဲကရောရော့။ သင်္ချိုင်းနယ်ချဲ့ ကျောင်းထဲမှာ ဘယ်သူတွေ ဘယ်အချိန်ထိ ရှင်သန်ခဲ့ပါလဲ....နှစ်တွေက ကြာခဲ့ပြီရော။ 

ဒီနှစ်တွေကို အငွေ့ပျံနှစ်တွေရယ်လို့ တချို့တွေက ပြောလိမ့်မယ်။ ပျံလောက် ပျောက်လောက်တဲ့ အကြောင်းတွေလည်း ဆုံသကိုး။ တကယ် အငွေ့ပျံလေသလားတော့ ကိုယ်တို့တတွေ ပြန်စဉ်းစားရမယ်။ ဘာကိုမှ လွယ်လွယ် အငွေ့ပျံမရတာ ပြန်တွေးမိဖို့ ကိုယ်တို့ ပြန်တွေးမိဖိူ့လိုတယ်။ ဘာပဲဖြစ်ဖြစ် နှစ်တွေက အငွေ့ပျံခဲ့ပြီ။ ဆယ်စုနှစ်များ   များခဲ့ပီ.....။ နှစ်များအကြောင်းကတော့ နောက်လည်း ပြောရဦးမယ်။ ဘယ်လောက်အငွေ့ပျံပျံ မှတ်ဉာဏ်တွေဟာ တိမ်ဆန်တဲ့အကြောင်း .. အကြောင်းသင့်တဲ့အခါ တလှည့်ရွာတတ်ကြောင်း.... ကိုယ်တို့ ပြောနေရဦးမယ်လေ။