ပျိုး

ဇနီးဖြစ်သူကို ကြည့်ပြီး သူအံ့ဩနေမိသည်။ ကလေးတစ်ယောက် အမေဖြစ်ပြီးနောက် သူမတော်တော် ပြောင်းလဲသွားသည်။ ကလေးဝေယျာဝစ္စ ကသီလှသည့်ကြားကပင် အချိန်လုကာ ကွန်ပျူတာရှေ့ ပြေးထိုင်နေသည့် သူမကို သူအံ့ဩမိသည်မှာလည်း အပြစ်တော့ မဆိုသာ။ ယခင်ကဆို အိမ်ကို အလုပ်ပါမလာလျင် ကွန်ပျူတာကို ယောင်လို့ပင် မဖွင့်သည့်သူက အခုလို ကွန်ပျူတာရှေ့ ရောက်ရောက်သွားတာ တစ်မျိုးပဲဟု ထင်မိသည်။
တစ်နေ့တော့ မနေနိုင်သဖြင့် သူဖွင့်မေးရတော့သည်။ အဖြေကြားတော့ ပိုတောင် အံ့ဩမိပြန်သည်။ "အွန်လိုင်းကနေ Parenting သင်တန်းတစ်ခု တက်နေတာလေ"တဲ့။ အင်ဂျင်နီယာကျောင်းဆင်းဇနီးသည် သင်တန်းတက်သည်ဆိုရင် Revit, AutoCAD, SketchUp စသည့် အင်ဂျင်နီယာ tools သုံးနည်းတွေပဲ တက်မည်ဟု ထင်ခဲ့သည်။ ဘာလဲ Parenting။
"ဒီလိုလေ ကိုရဲ့။ Parenting ဆိုတာ အလွယ်ပြောရင်တော့ သားသမီးပြုစုပျိုးထောင်နည်းပါပဲ။ သားသမီးတွေကို နည်းမှန်လမ်းမှန်နဲ့ လူတစ်လုံးသူတစ်လုံးဖြစ်အောင် သဘောထားမှန်မှန်နဲ့ ဘဝပြဿနာတွေ ဖြေရှင်းနိုင်အောင် ကလေးကတည်းက သွန်သင်လမ်းပြတဲ့ပညာရပ်မျိုးပေါ့။ "
"Parenting ကောင်းရထားတဲ့ ကလေးဟာ သူကြီးပြင်းလာတဲ့ဘဝတစ်လျှောက် ကြုံလာမယ့် အခက်အခဲတွေကို ထိထိရောက်ရောက် နည်းမှန်လမ်းမှန် ဖြေရှင်းတတ်လာမယ်။ အမှီအခိုကင်းကင်းနဲ့ သူ့ခြေထောက်ပေါ်သူ ရပ်တည်တတ်လာမယ်။ လူမှုဆက်ဆံရေးစွမ်းရည်မြင့်မားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ရှိလာမယ်။ သူ့ကိုယ်သူ ကာကွယ်စောင့်ရှောက်တတ်လာမယ်။ လူ့ပတ်ဝန်းကျင်အတွက် နိုင်ငံအတွက် အဖိုးတန်အရင်းအမြစ်တစ်ခု ဖြစ်လာမယ်။ ဒီလို ဖြစ်လာဖို့ မိဘတွေက သားသမီးကို ပြောင်းလဲလာတဲ့ အရွယ်အလိုက် ခေတ်အလိုက် မှန်မှန်ကန်ကန် စောင့်ရှောက်ထိန်းကျောင်းရတယ်။ ဒါ Parenting ပေါ့"
ဇနီးသည်ပြောမှသာ သူသည် Parenting ဆိုသည့် လူမှုသိပ္ပံပညာရပ်အကြောင်း သိလိုက်ရခြင်း ဖြစ်သည်။ ဇနီးသည်က Parenting ဘာသာရပ်အကြောင်း ဖြစ်ရပ်တွေ ဥပမာတွေနှင့် ချိန်ထိုးပြသည်။ Parenting တလွဲနှင့် ကြီးပြင်းလာခဲ့ရသည့် ကလေးများ ဘဝတွင် ကြုံနိုင်သည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအကြောင်း ရှင်းပြသည်။ "အိုးကောင်းရချင်ရင် နာနာရိုက်ရတယ်" ဆိုသည့် အယူအဆမှားတွေနှင့် ရိုက်နှက်ဆုံးမတတ်သည့် မိဘတွေကြောင့် စိတ်ဒဏ်ရာရခဲ့သည့် ကလေးတွေအကြောင်း ၊ တို့က သားသမီးကို ခြေမွေးမီးမလောင် လက်မွေးမီးမလောင် ထားတာဟု ဆိုကာ တလွဲဆံပင်ကောင်း အမြှောက်ကြီးမြှောက်ခဲ့သည့်အတွက် တစ်သက်လုံး လူ့လောကနှင့် အံမကျဖြစ်နေရသည့် လူကြီးကလေးများအကြောင်း.....
ဇနီးသည် ပြောပြသမျှကို စိတ်ဝင်တစားနားထောင်နေရင်း သူ့ငယ်ဘဝ အကြောင်း စိတ်ရောက်သွားမိသည်။ သူငယ်ငယ်က အမေနှင့်အဖေထက် အဒေါ်လေးတွေနှင့်သာ အနေများခဲ့သည်။ မိသားစုများသည့် သူတို့အိမ်သည် တောင်သူယာအလုပ်နှင့် ဇယ်ဆက်သလို အလုပ်ရှုပ်နေခဲ့သည်ဖြစ်ရာ သူတို့တတွေကို သေချာမစောင့်ရှောက်နိုင်။ ထို့ကြောင့် အဒေါ်အပျိုကြီးတို့လက်ပေါ်မှာသာ ကြီးပြင်းခဲ့သည်ဟု ဆိုရမည်။
သူငယ်ငယ်က အပေါင်းအသင်းမင်သည်။ ဘောလုံးကန် ၊ ဘောလီဘောပုတ် ဝါသနာကြီးသည်။ ထိုနှစ်ချက်လုံး အဒေါ်တွေက မကြိုက်။ ဘောလုံးကန်လျင် ကျိုးပဲ့မည်။ အပေါင်းအသင်းများလျင် ပျက်စီးမည်ဟု ဆိုသည်။ သူဘောလုံးကန်ရာနောက်လည်း အဒေါ်တစ်ယောက်ယောက် တုတ်တစ်ချောင်းနှင့် ရောက်လာပြီး ကွင်းထဲအထိဝင် နာနာနှက် ဆဲဆိုရင်း အိမ်ပြန်မောင်းတတ်သည်။ သူ့သူငယ်ချင်းတွေမှာ အဒေါ့်အာစလျှာစကို လန့်သည်ဖြစ်၍ သူနှင့် အတူမကစားချင်။ သူ့ကို ပွဲထဲမပါဖို့ ပေါ်ပေါ်တင်တင် ငြင်းလာကြသည်။ ကြာတော့ သူရှက်တတ်လ,သည်။ ထို့ကြောင့် ဘောလုံးလည်း မကန်ဖြစ်တော့။ ဘောလုံးမှမဟုတ်။ ဘောလီဘောလည်း မပုတ်ဖြစ်တော့။
အိမ်မှာနေရင်းလည်း "ဘယ်ကောင်လေးနဲ့ မပေါင်းနဲ့။ အဲ့ကလေးတွေအမျိုးက သူခိုးမျိုး။ နင့်ဆီက ပိုက်ဆံတွေ ခိုးသွားမယ်။ ကြပ်ကြပ်သတိထား။" ၊ "ဘယ်ကောင်လေးက လူလည်။ ကြက်သမား။ သူနဲ့များ သွားမပတ်သတ်နဲ့။ နင့်ရောင်းစားသွားမယ်" စသည်စသည် သူပေါင်းသမျှ သူငယ်ချင်းတိုင်း၏ ဟုတ်သောမဟုတ်သော ထိုးဇာတ်ပေါင်းစုံနှင့် သူ့ကို နေ့စဉ် ဆုံးမသည်။ ကျောင်းစာမေးပွဲများတွင် ဆုမရသည့်အခါ၌လည်း သူ့ကို "ပထမဆုရသည့် သူငယ်ချင်း ချီးစား" ဟုဆိုကာ ပိုးစိုးပက်စက် ငြူစူကြိမ်းမောင်းပါသည်။ သူငယ်ချင်းအောင်မြင်မှုအပေါ် မုဒိတာဝင် ပျော်ရွှင်နေသည့် သူပါ စိတ်ကောင်းမဝင်နိုင်တော့ပါ။ ထိုသူငယ်ချင်းတွေနှင့်လည်း ဘယ်တော့မှ အရင်လို မနွေးထွေး မရင်းနှီးတော့ပါ။
ကျောင်းတွင် လူတိုင်းကို သံသအမြင်နှင့် ကြည့်ပြီး လှိုက်လှိုက်လှဲလှဲ မဆက်ဆံတတ်တော့သော သူသည် အပြင်လောကမှာပါ ကြာလေလူမှုဆက်ဆံရေး ညံ့ဖျင်းလေလေ ဖြစ်လာပါသည်။ လူတို့သည် အခွင့်အရေးသမားချည်း ဖြစ်၍ မည်သူ့မှ မယုံသင့်ဟုသာ စိတ်ထဲ စွဲနေမိပါသည်။ ကြုံသမျှလူတွေကိုလည်း မိတ်ဆွေတစ်ယောက်လို ပေါင်းဖို့ထက် ပြိုင်ဘက်အဖြစ်သာ မြင်လာမိတော့သည်။ ကျောင်းပြီး၍ အလုပ်ခွင် ဝင်ချိန်တွင်လည်း ထိုသံသယအစွဲသည် မြဲသထက်မြဲနေသည်သာ ဖြစ်သည်။ ထိုအရာအားလုံးသည် သူငယ်စဉ်က ရိုက်သွင်းခံထားရသည့် Parenting အမှားကြောင့် မဟုတ်ပေဘူးလား။ သူ့ကို ပျိုးခဲ့သည့် ဥယျာဉ်မှူးတို့၏ တလွဲလုပ်ချက်တွေကြောင့် မဖြစ်နိုင်ဘူးလား။
သူ့ဇနီးသည် သူတို့ နောက်မျိုးဆက်အတွက် အလွန်အဖိုးထိုက်တန်သည့် အရာတစ်ခုကို ဒီဂျစ်တယ်အဝန်းအဝိုင်းပေါ်မှ ရှာဖွေနိုင်ခဲ့သည်။ ယင်းမှာ အွန်လိုင်းပေါ်က အလွယ်တကူသင်ယူနိုင်သည့် သားသမီးပြုစုပျိုးထောင်ရေးဆိုင်ရာ နည်းနာကောင်းတွေကို အချိန်ပေး တက်ရောက်ခြင်းပင်။ အွန်လိုင်း သင်တန်းများ ၊ ကလေးမိခင်ဆိုင်ရာဖိုရမ်များတွင် သူမ၏ အားတက်သရော ပါဝင်ဆွေးနွေးသံများကို ကြားရသည့်အခါ သူသည် ကြည်နူးခြင်းတစ်ဝက် ကျေးဇူးတင်ခြင်းတစ်ဝက်နှင့် နှစ်သိမ့်နေမိသည်။ သူမသည် ဒီဂျစ်တယ်လေ့လာမှုကို အကျိုးရှိရှိအသုံးချပြီး လူ့အဖွဲ့အစည်းအတွက် လူတစ်လုံးသူတစ်လုံးအဖြစ် အကျိုးပြုမည့် မျိုးဆက်သစ်တည်ဆောက်ရေးမှာ ပါဝင်နေခြင်း မဟုတ်ပါလား။ မိခင်တစ်ယောက်အတွက် ထို့ထက်အရေးကြီးသော တာဝန်ထမ်းရွက်မှုမျိုး မရှိတော့ဟု ထင်ပါသည်။
Parenting ကောင်းတစ်ခုသည် မျိုးဆက်ကောင်းတစ်ခုကို ပျိုးထောင်နေခြင်းဟု သူသဘောရသည်။ ရုပ်ဝတ္ထုတပ်မက်မှုများ ၊ လူ့ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ၊ အလွယ်တကူ လမ်းလွဲသွားနိုင်သည့် ကိုယ်ကျင့်တရားဆိုင်ရာ စိန်ခေါ်ချက်များ စသည့် မြောက်များလှသည့် ခေတ်သစ်လူမှုဘဝ ပြဿနာများကို သဘောထားမှန်မှန် ကိုင်တွယ်ဖို့ အကောင်းဆုံးပျိုးထောင်ထားသည့် မျိုးဆက်တစ်ခု လိုပေမည်။ ထိုမျိုးဆက်အတွက် ရတတ်သမျှ အချိန်ဖဲ့ယူပြီး ဒီဂျစ်တယ်လူ့အဖွဲ့အစည်းမှ ဗဟုသုတအရင်းအမြစ်တွေ စုပ်ယူလက်ဆင့်ကမ်းပေးသည့် အမေတို့ကို ချီးကျူးရပါမည်။ နိုင်ငံတော်အစိုးရကိုယ်စား တိုင်းပြည်အနာဂါတ်ကောင်းကို သူတို့ပဲ ဝင် "ပျိုး"ပေးထားသည် မဟုတ်ပါလား။
သူ့ပြတင်းမှ အပြင်ကို ကြည့်လိုက်သည့်အခါ စိမ်းဖန့်နေသည့် နွေပဲသီးစင်တစ်ခုကို မြင်မိသည်။ အသက်ဓါတ်တို့ လွန့်တက်နေသည့် အစိမ်းရောင် ညောင်ရွက်ဆန်ဆန် ပဲရွက်များ ၊ ခရမ်းနု မရမ်းနုဆန် အဖူးအတံများ ...။ ပဲစင်ထက်တွင် မိုးကို မျှော်၍ ထောင်တက်နေသည့် အညှာနုနုတို့ကို လှလှပပ လူးလွန့်လျက်သား တွေ့ရသည်။ နွေရက်များတွင်ပင် ပဲနွယ်တို့သည် စိမ်းနေအောင် ရှင်သန်နေသည်။ ဤပဲစင်ကို လွန်ခဲ့သောဆောင်းတစ်ရက်က သူ့ဇနီးနှင့်သူ အတူပျိုးခဲ့ကြသည်။ နေပူပူမှာ စင်ကူထိုးခဲ့သည်။ မြေပြင် မြေညှိ ရေလောင်း မညီးမညူလုပ်ခဲ့သည်။ ယခုတော့ ပဲရွက်တို့ စိမ်း၍ ပဲသီးတွေ ဖောချင်းသောချင်း စားရလေပြီ။ အသီးဆွတ်တိုင်း အိမ်နီးချင်းတို့ပါ မျှဝေနိုင်ခဲ့သည်။ "ပျိုး"ခဲ့သော အကျိုးပေတကား။
နွေပဲစင်က မျက်စိခွာလိုက်ပေမယ့် သူ့မျက်လုံးထဲမှာ အောင်မြင်မည့် ပျိုးတစ်ပင်ကို မြင်ယောင်နေမိသည်။