တိုင်းပြည်တစ်ပြည် ဘယ်လို အုပ်ချုပ်မလဲ

တိုင်းပြည်တစ်ပြည် ဘယ်လို အုပ်ချုပ်မလဲ

တရုတ်ရာဇဝင်ထဲက မှတ်တမ်းတစ်ခုကို ကောက်နှုတ်ထားတာပါ။ 

ဘီစီ ၃၁၂ မှာ တရုတ်တစ်နိုင်ငံလုံး ကံအကြောင်းမလှ စစ်မီးအုံးပြီး အနယ်နယ်မှာ သူတစ်လူ ငါတစ်မင်း အကွဲကွဲအပြားပြား ဝါးအစည်ပြေ ဖြစ်နေကြပါတယ်တဲ့။ ယန်နိုင်ငံလည်း နန်းတွင်းပုန်ကန်မှု ကြုံပြီး ပျက်စီးခဲ့သလို ဘုရင်အိုလည်း မထင်မှတ်ဘဲ အရှက်တကွဲ သေဆုံးခဲ့ပါတယ်။ 

လွန်သွားတဲ့ အုပ်ချုပ်သူဟောင်းနေရာကို ယန်ကျီဘုရင်သစ်က ဆက်ခံပါတယ်။ ဘုရင်သစ်က စစ်ဘေးသင့်မြို့နဲ့ ဒဏ်ရာရစစ်သည်တွေကို လှည့်လည်ကြည့်ရှုပြီးတော့ သူ့လက်ထက်မှာ ဒီအဖြစ်မျိုးကို တားလို့ရနိုင်မလားလို့ သိချင်ခဲ့တယ်။ 

ဒါနဲ့ နောက်မှာ ပါလာတဲ့ ကောင်ဝေဆိုတဲ့ သူ့အကြံပေးတွေထဲက တစ်ဦးကို မေးတယ်။ 

"ငါ့တိုင်းပြည်ကို ဘယ်လိုစီမံသင့်သလဲ"

"အရှင်မင်းကြီး။ အရှင်ဟာ အင်ပိုင်ယာသခင် ဧကရာဇ်ဖြစ်ချင်ရင် လက်အောက်ငယ်သားတွေကို ဆရာသမားလို ဆက်ဆံရပါမယ်။ ဘုရင်ဖြစ်ချင်ရင် မိတ်ဆွေလို သဘောထားပြီး နယ်စားလုပ်မယ်ဆို ဧည့်သည်လို ဆက်ဆံရပါမယ်။ နိုင်ငံပျက်စီးစေချင်ရင်တော့ လက်အောက်ခံတွေကို ကျွန်လို ဆက်ဆံရပါတယ်။ ရွေးချယ်မှာက အရှင်မင်းကြီးသဘောပါ" လို့ အကြံပေးပါတယ်။ 

ဘုရင်လည်း ဒီစကားကို စိတ်ဝင်စားသွားပြီး " သင့်လျှောက်တင်ချက်က စဉ်းစားစရာပါလား။ ကျွန်ုပ်က ဘုရင်ဧကရာဇ်ဖြစ်လိုတာကြောင့် ဘယ်သူ့ကို စပြီး လေးစားပြရမလဲ" လို့ မေးပါတယ်။ 

"ဘုရင်ကြီးအနေနဲ့ ကျွန်ုပ်လို လူသိနည်းတဲ့သူက စတင်နိုင်ပါတယ်။" လို့ အကြံပေးပုဂ္ဂိုလ်က ရဲရဲတင်းတင်း လျှောက်ထားပါတယ်။ 

"အကျိုးအားဖြင့် ကျွန်ုပ်ထက် စွမ်းနိုင်တဲ့ ဂုဏ်ကြီးတဲ့သူတွေက မနာလို ဖြစ်လာပြီး သူတို့ရဲ့ နိုင်ငံရေးကြမ္မာကို ဒီမှာ လာစမ်းသပ်ပါလိမ့်မယ်။ ဒီပညာရှင်တွေက အရှင်မင်းကြီးရဲ့ ရက်ရောတဲ့ စေတနာကိုကြားသိပြီး သူတို့လည်း အလားတူ ချီးမြှောက်ခံရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အကြံဉာဏ်တွေ ၊ အဆိုပြုချက်တွေကို လွတ်လွတ်လပ်လပ် တင်ပြပါလိမ့်မယ်။ မင်းကြီးက သူတို့ထဲက အကောင်းဆုံးအုပ်ချုပ်သူတွေ ရွေးချယ်ပါ။ ဒီနည်းနဲ့ တိုင်းနိုင်ငံ ကြီးပွားကြောင်းနဲ့ အရှင်မင်းကြီးရဲ့ မင်းဆက်လည်း လုံခြုံစိတ်ချရပါလိမ့်မယ်။"

အမျှော်အမြင်ရှိတဲ့ ဘုရင်က ဒီအကြံကို လက်ခံပြီး အမြန်ပဲ အကောင်အထည်ဖော်ပါတယ်။ သူ့အကြံပေးကို ရက်ရက်ရောရော မြှောက်စားသလို တော်ဝင်ဗိသုကာရှင်နဲ့ပါ အင်မတန်ခမ်းနားတဲ့ အိမ်တော်တစ်ခု ဆောက်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းက အနီးအနား တိုင်းနိုင်ငံတွေကို အမြန်ပြန့်နှံ့သွားပြီး အားလုံး အံ့အားသင့်ကုန်ကြပါတယ်။ ပညာတတ်လူကြီးလူကောင်းတွေအများအပြားလည်း လက်ရှိရာထူးတွေကနေ နှုတ်ထွက်ပြီး ယန်နိုင်ငံကို အမှုထမ်းဖို့ ရောက်လာကြပါတယ်။ 

ပညာရှင်လူတော်တွေကို စေ့စေ့စပ်စပ် ရွေးချယ်ယှဉ်ပြိုင်စေပြီးနောက် သုံးနှစ်မပြည့်ခင်မှာပဲ ထူးချွန်ပြောင်မြောက်တဲ့ ပြည်ပပညာရှင်တစ်စုကို ခန့်အပ်နိုင်ခဲ့ပြီး ဘုရင်ကြီးက အလားတူ ချီးမြှင့်မြှောက်စားခဲ့ပါတယ်။ ဒီပညာရှင်တွေရဲ့ အကူအညီနဲ့ပဲ တိုင်းပြည်ကို ထိထိရောက်ရောက် စီမံအုပ်ချုပ်ခဲ့သလို နယ်နိမိတ်တွေလည်း ဖြည်းဖြည်းချင်း တိုးချဲ့နိုင်ခဲ့ပါတယ်။ 

ဒီမှတ်တမ်းကို ရေးခဲ့တဲ့ ပညာရှင် မှတ်ချက်ချခဲ့တာ စိတ်ဝင်စားဖို့ကောင်းတယ်။ "အကြံပေးဟာ လူ့ရဲ့အရေးပါဆုံး စွမ်းရည်ဖြစ်တဲ့ တခြားသူတွေရဲ့ ဉာဏ်ပညာကို သုံးပြီး အောင်မြင်မှုကို တည်ဆောက်ရမယ်ဆိုတာကို တကယ်နားလည်ခဲ့တယ်" ဆိုတာပါ။ ဘဝအောင်မြင်ရေးမှာလည်း အသုံးချနိုင်တဲ့ သင်ခန်းစာမို့ မျှဝေလိုက်ပါတယ်။