သံလမ်းမှာ နေတုန်းက ...

သံလမ်းမှာ နေတုန်းက ...

သံလမ်းမှာ နေတုန်းက ကျနော့်အသက်ဟာ ၂၅ နှစ် ပတ်ချာလည်။

ဂျက်လန်ဒန်ရဲ့ ပင်လယ်ဝံပုလွေထဲက ဗန်ဝေဒန် ဖျံဖမ်းသင်္ဘောပေါ် မထင်မှတ်ဘဲ ရောက်ခဲ့သလိုပေါ့။ ဝံပုလွေလာဆင်လို လူတွေနဲ့ တခါတခါ တွေ့ခဲ့ရပေမယ့် သံလမ်းသင်္ဘောပေါ်မှာပဲ တလှေတည်းစီး ရဲဘော်တွေ ရခဲ့ပါတယ်။ အလံစိုက်ပွဲမှာ မနိုင်လိုက်တဲ့ လက်ဝှေ့သမားချင်း တစ်ယောက်ကိုတစ်ယောက် ပုခုံးဖက်မိသလိုမျိုး။ ကိုယ့်တိုက်ပွဲကိုယ် လေးစားရင်းပေါ့။

သံလမ်းမှာ နေတုန်းက ကျနော့်မှာ ပုံမှန်အိပ်ရာမရှိ။ ဖုန်းဘေလ်မရှိ။ တစ်ညတစ်ည အလျားတစ်လံ အနံ ၃ ပေ အိပ်စရာရှိရင် ကျေနပ်ခဲ့တယ်။ တစ်နေ့တစ်နပ် ထမင်းဝဝစားရရင် ပျော်ရွှင်တတ်ခဲ့တယ်။ Social Media တွေ အပုတ်အသိုးတွေကြောင့် ဦးနှောက်မပျက်ခဲ့တာ ဝမ်းသာခဲ့တယ်။ ဒါပေမယ့် ဆာလောင်မှုကြောင့်လား ၊ ခြေဆန့်လက်ဆန့် လှဲစရာနေရာ မလောက်လို့လားတော့ မသိ။ သံလမ်းညများမှာ ကျနော်ဟာ အမြဲနိုးကြားခဲ့ပါတယ်။

သံလမ်းမှာနေတုန်း လုပ်ဖြစ်တာတစ်ခုက ညဘက်တွေဆို အခန်းဖော်တွေနဲ့ ပုခုံးချင်းထိ ကျောခင်းရင်း ကိုယ်စီနောက်ခံတွေအကြောင်း ရင်ဖွင့်ဖြစ်ခဲ့တာပါ။ ညအမှောင် ကြမ်းပြင်ကနေ နံရံအလယ်က ပြတင်းကို မော့ငေးရင် ဝရန်တာအပြင် မြို့ကောင်းကင်အစွန်ကို လှမ်းမြင်ရမယ်။ မီးရောင်တလက်လက်။ ဒီမီးတွေရဲ့ ဟိုးအဝေး မိုင်ရာချီမှာ ကိုယ်စီ စွန့်ခွာချန်ထားခဲ့တဲ့ မျက်နှာတွေ ရှိမယ်။ ဘဝတွေ ရှိမယ်ပေါ့။ ကျနော်တို့ တစ်ယောက်ကိုတစ်ယောက် ဖေးမမှုနဲ့ စောင့်ရှောက်ခဲ့ကြပါတယ်။ သံလမ်းမှာ နေတုန်းကပါ။

သံလမ်းမှာနေတုန်းက ကျနော်တို့အားလုံး လူငယ်တွေ။ ဂျင်းဘောင်းဘီအနွမ်းနဲ့ တီရှပ် ၊ ဒါမှမဟုတ်လည်း ရှပ်လက်တိုနဲ့ ပုဆိုးအိုတစ်ထည်စီ ဝတ်မယ်။ လက်ဖက်ရည်ဆိုင်ရောက်ရင် အလိုလို ပျော်ရွှင်တတ်တာ မှတ်မိတယ်။ သံလမ်းမှာနေတုန်းက ကျနော်တို့အားလုံး ပိန်ကြတယ်။ အားလုံးဟာ စက်ရုံက ထုတ်လိုက်တဲ့ BMI အချိုးနဲ့ ထွက်လာသလိုမျိုး။ လူတော်တော်များများ လိုချင်ကြတဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ကျနော်တို့ အလိုလို ပိုင်ဆိုင်ခဲ့ကြတာပေါ့။ ကျနော်တို့ ကိုယ်တိုင်တော့ ဒီထက်နည်းနည်း ပိုဝဖို့ မျှော်လင့်ခဲ့ကြတယ်။

သံလမ်းမှာနေတုန်းက ကျနော်တို့ ရရာအလုပ်တွေ လုပ်ကြတယ်။ နောင်အနှစ်အနည်းငယ်မှာ ဝင်ငွေကောင်းတဲ့ အလုပ်တွေနဲ့ အခြေတကျမဖြစ်ခင်ပေါ့။ အညာသားတွေချည်း စုပြီး နေ့စားလိုက် အလုပ်လုပ်ခဲ့တာ အမှတ်ရတယ်။ တစ်ရက် နှစ်သောင်း။ ကွန်ပျူတာတွေ ဆင်တယ်။ ရုံးခန်းပစ္စည်းတွေ ပြောင်းတယ်။ တာဝါအမြင့်ကြီးတွေ တက်တယ်။ တကယ့် အိုင်တီကျောင်းဆင်း လူငယ်တွေ။ အံ့ဩဖို့ကောင်းတာ သူတို့အားလုံး အခု အဆင်ပြေကြပါတယ်။

သံလမ်းမှာ နေတုန်းက တိုက်ခန်းမှာ တခါတခါ ဘီယာစုသောက်ကြတယ်။ လမ်းထိပ် ရခိုင်အသုပ်ဆိုင်က သင်္ဘောသီးသုပ် ရှောက်သီးသုပ်နဲ့ မြင်းခွာရွက်သုပ်တို့ ပါလာတဲ့နေ့ဆို တကယ် ပျော်စရာကြီးပါပဲ။ ကျနော်တို့ အနိုင်ရတဲ့နေ့တစ်နေ့လို ခံစားခဲ့ကြတယ်။ ကန်ထရိုက်တိုက်တစ်လုံးရဲ့ အမြင့်ဆုံးအထပ်မှာ နေပြီး ကျနော်တို့ဟာ ဘာကိုမှ မကြောက်တဲ့ ဇင်ရော်ငှက်တွေလို ပင်လယ်တွေထဲ ပျံသန်းခဲ့ကြတယ်။ ကိုယ့်ဟာကိုယ် ယောနသံလောက် ထင်နေပေမယ့် တစ်ခါတစ်ခါ ရင်ထဲမှာ စွတ်စိုခဲ့တာလည်း ရှိတာပေါ့။ တစ်ခါတလေတော့လည်း အစာကောင်းကောင်းကို လှိုင်းတွေရဲ့ ဟိုးအောက်ကနေ ကျနော်တို့ နှိုက်ထုတ်ယူနိုင်ခဲ့ကြတယ်။ သံလမ်းမှာ နေတုန်းကပါ။

အဲ့ဒီတုန်းက ကျနော့်ရဲ့ပြင်ပအချက်အလက်ရှာဖွေရေးဟာ တစ်ခါတခါ WiFi ရတဲ့ အောင်ကောင်းစံမှာ ဖြစ်နိုင်တယ်။ တခါတခါ ကျောင်းကုန်းလမ်းထဲ ဆုံမိတဲ့ ကျောင်းနေဖက်နဲ့လည်း ဖြစ်နိုင်တယ်။ များသောအားဖြင့် လမ်းထိပ်က ဖတ်ကြည့်ပြန်ထား စာအုပ်သေတ္တာလေးထဲက လာပါတယ်။ တစ်ခါက ကျနော်ဟာ ဖတ်ကြည့်ပြန်ထားထဲမှာ လှသန်းရဲ့ ကဗျာတစ်ပုဒ်ကို ရှာတွေ့ခဲ့တယ်။ "မင်းတစ်ယောက်တည်း မဟုတ်ဘူး" ဆိုတဲ့ ကဗျာကို ဘယ်နှစ်ခေါက်မှန်းမသိ ဖတ်မိတယ်။

ဒီလမ်းဘေးသေတ္ထာလေးထဲကပဲ မောင်သာနိုးရဲ့ စာပေဆောင်းပါးတစ်ပုဒ် ၊ ဗီယက်နမ်စစ်အတွင်းက ကောင်လေးတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ Never Fall Down ကို ဘာသာပြန်တဲ့ မယိုင်လဲစတမ်း နဲ့ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံဆိုင်ရာ စာတစ်အုပ်ကို တွေ့ခဲ့တယ်။ ချို့စာအုပ်တွေ ဖတ်ပြီး ကြည်နူးနှစ်သိမ့်မိ တချို့စာအုပ်တွေကြောင့် ကြေကွဲအားတက်မိ ၊ တစ်ခါတခါ ကျနော်ဟာ ခံစားချက်ကို ပြန်မဆည်နိုင်တော့တာ သတိရမိတယ်။ မိုးရေထဲမှာ ထီးမပါလို့ သံလမ်းမှတ်တိုင်မှာ စာတစ်အုပ်နဲ့ ထိုင်နေရင်း ည ၁၁ ထိုးတဲ့အထိ စာဖတ်ခဲ့တာ အမှတ်ရမိတယ်။ လမ်းဘေးမီးရောင်တွေ ၊ ကားလမ်းပေါ်က ဆူညံတုန်ခါသံတွေ ၊ မြောင်းရေစီးသံနဲ့ မြို့ရဲ့ ညည်းညူသံတွေ ကျနော် မေ့သွားတဲ့အထိပေါ့။

ကျနော်ဟာ ခံစားလွယ်ခဲ့တယ်။ အခန်းနံရံကို လက်သည်းနဲ့ခြစ် အိပ်မရတဲ့ ညတွေကို ပြည်ပုပ်ဖောက်သလို ညှစ်ထုတ်ခဲ့တယ်။ မြင်နေရတယ် ရှိနေတာ မဟုတ်ဘူးဆိုတဲ့ သဘောတရားကို Networking လေ့လာနေတဲ့ သူငယ်ချင်းတစ်ယောက်ဆီကနေ ကြားခဲ့ရတယ်။ သံလမ်းမှာ မြင်ခဲ့တဲ့အရာတွေလည်း ရှိနေတာ မဟုတ်တော့တာ ဖြစ်မယ်။ သံလမ်းမှာတုန်းကပါ။

သံလမ်းမှာနေတုန်းက ကျနော့်မှာ အလုပ်အကိုင် မယ်မယ်ရရ မရှိပါ။ ကြုံရာလုပ်ခဲ့တဲ့ နေ့တွေ ရှိလို့ သူငယ်ချင်းတစ်ယောက်နဲ့ လမ်းမှာ ကြုံတဲ့အခါ တစ်ပတ်တစ်ခါ အလုပ်ခေါင်းစဉ်ပြောင်း ပြောဖြစ်ပါတယ်။ နောက်တော့ သူလည်း ကျနော့်ကို လိမ်နေတယ် ထင်သွားပုံရပါတယ်။ အလုပ်မရှိပေမယ့် ကျနော်ဟာ တစ်ခုခုတော့ လုပ်နေခဲ့တာပါပဲ။ တခါတခါ ဘာသာပြန်ပါတယ်။ ဒီလိုနဲ့ နည်းပညာဆိုင်ရာစာအုပ်တစ်အုပ် ဘာသာပြန်ဖြစ်သွားပါတယ်။ နာမည်ရ နည်းပညာဝက်ဘ်ဆိုက်တစ်ခုအတွက် ဘာသာပြန်ဆောင်းပါးတွေ ရေးခဲ့တယ်။စာပေဗိမာန် ဘာသာပြန်ပြိုင်ပွဲအတွက် ပေးထားတဲ့ စာမူတစ်ခုပါ ဘာသာပြန်ဖြစ်သွားပါတယ်။ နိုင်ငံသားဖြစ်မှုအကြောင်းဆိုတဲ့ စာအုပ်လေးပါ။ ကျနော် ဘာသာပြန်ချင်တဲ့ စာအမျိုးအစား မဟုတ်ခဲ့သလို စာပေဗိမာန်ဆီလည်း မရောက်ခဲ့ပါ။

ဘာပဲဖြစ်ဖြစ် ပိုက်ဆံရဖို့ ကျနော် သိပ်မလုပ်ချင်တာတွေ အများကြီး လုပ်ဖြစ်ပါတယ်။ သံလမ်းမှာနေတုန်းက ကျနော့်ကို တောင့်ခံထားစေတဲ့ အကြောင်းတရားတွေလည်း အများကြီး ရှိခဲ့တာပါပဲ။ ဘဝလက်တွဲဖော်ဖြစ်လာမယ့် ချစ်သူက တစ်ပတ်တစ်ခါ ဟင်းကောင်းတွေ ချက်ကျွေးပါတယ်။ တစ်ခါတုန်းက ဘဝမှာ ပထမဆုံးအဖြစ် သူ့လက်ရာ ပုဇွန်အစိမ်းသုတ်စားရင်း ကျနော်ဟာ ပင်လယ်ကို ရောက်သွားသလို ခံစားဖူးပါတယ်။ သူ့အဆောင်ပြန်ချိန် လိုက်ပို့ရင်း ကိုယ်ကြုံတဲ့ လောကဓံကို ရင်ဖွင့်မိတိုင်း နားထောင်ပေးခဲ့တယ်။ ကျနော့်ရဲ့ တောင်ပံတွေကို ယုံကြည်ဖို့ အားပေးခဲ့တယ်။ သံလမ်းမှာနေတုန်းက ကျနော် သန်မာခဲ့တာ သူ့ကျေးဇူးတွေပါပဲ။

သံလမ်းမှာနေတုန်းက ကျနော်ဟာ ကုမ္ပဏီတစ်ခုက အလုပ်ပြုတ်ခဲ့ပြီး ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့ပါတယ်။ ကျနော့် CV ကို ပြန်ကြည့်ရင် ဘာမှမဆိုင်တဲ့ အလုပ်အတွေ့အကြုံတွေချည်း တွေ့ရမယ်။ NGO ဝန်ထမ်း အကြွေးပေးသူ ဆော့ဖ်ဝဲလ်ရေးသူ အကူဝန်ထမ်း အိုင်တီကုမ္ပဏီ လစာမဲ့နဲ့ ၆ သောင်းတန် အလုပ်တစ်ခု ဘာသာစကားကျောင်းက စာရင်းကောက် တောက်တိုမယ်ရ ... သံလမ်းမှာတုန်းက ကျနော့်မှာ မယ်မယ်ရရ အလုပ်တစ်ခုရဖို့ တော်တော်ကြာခဲ့ပါတယ်။ ကြာလောင်မှုဟာ ဆာလောင်မှုလောက် ဆိုးတယ်ဆိုတာ ကျနော် ခံစားနိုင်ခဲ့တယ်။

သံလမ်းမှာနေတုန်းက ထူးထူးခြားခြား ကျနော်လုပ်ဖြစ်တာက တရားစခန်းကို တစ်ယောက်တည်း ရောက်သွားခဲ့တာပါ။ ကျနော့်ဘဝရဲ့ ပထမဆုံး တရားစခန်းအတွေ့အကြုံ ဖြစ်သလို ဘယ်သူတိုက်တွန်းလို့ရယ် မဟုတ်ဘဲ ရောက်ခဲ့တာပါ။ နွေရာသီမှာ ကျနော့်ကိုကျနော် ၁၀ ရက်လောက် ရှာခဲ့တယ်။ သင်္ကြန်မတိုင်ခင် တန်ခူးကို ကျနော် ရှာတာမျိုးလို့ ပြောလို့ ရမယ်ထင်ပါတယ်။ "ဘာလို့ တရားစခန်းသွားခဲ့တာလဲ" ။ သူငယ်ချင်းတစ်ယောက် မေးတုန်းက ကျနော့်မှာ ဖြေစရာအဖြေ အသင့်ရှိမနေခဲ့။ "ကျနော် တိတ်တိတ်ဆိတ်ဆိတ် နေချင်လို့ ဖြစ်မယ်"။ ဒီအဖြေကလည်း မှန်တော့မနေခဲ့။ တရားတစ်ပတ်လုံး ကျနော့်ခေါင်းထဲမှာ အသံတွေ ဂလိုဏ်ဆူခဲ့တာပဲလေ။

သံလမ်းမှာ နေတုန်းက ပျော်စရာတော့ အကောင်းသား။ ခေတ်ဟာ ကျနော်တို့ထက် ပိုတိုးတက်နေခဲ့တယ်။ ပိုမျှော်လင့်ချက် ကြီးမားခဲ့တယ်။ အဲ့ဒီတုန်းက လူတွေ ခေတ်တွေဟာ သိပ်တက်ကြွနေတာကလား။ သံလမ်းကုန်းကျော်တံတားပေါ်ကနေ ရန်ကုန်ရဲ့ ရင်အုံကို ဖွဖွလေး စမ်းကြည့်ရင် သိလိုက်မယ်။ သံလိုက်ဓါတ်တွေနဲ့ တုန်ယင်နေသလိုမျိုး။ လူတွေဟာ အလင်းရောင်နောက်ကို လိုက်နေခဲ့တာပေါ့။ အဲ့ဒီအခိုက်အတန့်လေးမှာ အရာအားလုံး အဆင်ပြေတော့မလိုပါပဲ။ မြို့ရဲ့ မာကျူရီမီးတွေက အားလုံးသွားဖို့ လမ်းပြနေတယ်လို့ ယုံကြည်ရပါတယ်။ ဒီယုံကြည်မှုတွေကြောင့်ပဲ အခွင့်အလမ်းတွေရဲ့ မြို့မှာ ကျနော်တို့ အဆင်မပြေသေးပေမယ့် မျှော်လင့်စိတ်တွေ ထက်သန်ခဲ့တာ သတိရမိတယ်။

သံလမ်းကို ပြန်မရောက်တာ ကြာပါပြီ။ မာကျူရီမီးရောင်တွေအောက်က သူငယ်ချင်းတွေလည်း ယောနသံစင်ရော်လို အဝေးကြီးကို ပျံသွားကြပြီ။ မြို့ရဲ့ တုန်ခါမှုနဲ့ ရင်ခုန်ဖွယ်ရာ လုံခြုံလှုပ်ရှားမှုတို့ လွင့်ပါးသွားပြီ။ သတိရမိတဲ့အရာတွေက မရှိတော့တာတွေပဲ ဆိုတာလည်း သိခဲ့ရပါပြီ။ မြင်နေပြီး မရှိတော့တာတွေလားတော့ မပြောတတ်တော့။

သံလမ်းရဲ့ အတိုအရှည် အနီးအဝေးဟာ ကျနော်တို့နဲ့ ခြားနားခဲ့ပါပြီ။ ဒါပေမယ့်လည်း သူငယ်ချင်းတွေနဲ့ ဆုံလို့ သံလမ်းမှာနေတုန်းကလို့ ပြောလာရင် ကျနော်ပြောချင်တာတွေ ရှိနေတုန်းပါပဲ။

  • ငြိမ်းဝေမင်း