ဗိုလ်အောင်ဒင် နှင့် ကိုသာခင်

ဗိုလ်အောင်ဒင် နှင့် ကိုသာခင်

"လူတွေက လုပ်ရပ်ကို မကြည့်ဘူး။ ရုပ်ထွက်ကိုပဲ ကြည့်တာဗျ။ ခင်ဗျားဟာ ခင်ဗျား ဘယ်လို ကောင်းတာပဲလုပ်လုပ် ၊ ခင်ဗျားဘယ်သူလဲဆိုတာနဲ့ အပေါ်က အုပ်ပြီးကြည့်တာ။"

တောင်ရွာဘက် လှည်းရောင်းသွားရင်း စကားဝိုင်းတစ်ခုမှာ ကိုသာခင် ပြောပြတာ သူမှတ်မိနေသည်။ ကိုသာခင်က တောင်ရွာမှာ သောင်သာတယ်ဆိုတဲ့ လူမျိုး။ လူက အသားညိုညို အရပ်ခပ်ပြတ်ပြတ် လက်ဖျံတုတ်တုတ်နဲ့။ ထန်းတောပိုင်သည်။ ထိုအချိန်က အရက်ချက်လိုင်စင် ချပေးသည်ထင်သည်။ ကိုသာခင် ရွာပြင်မှာ ပေါ်တင်အရက်ချက်ရောင်းသည်။ တောင်ရွာမှာ ကိုသာခင်အရက်ချက်ကောင်းသည်ဟု နာမည်ကြီးသည်။ တောင်ရွာသာ မဟုတ်။ ရွာနီးချုပ်စပ်တွေက ယမကာသမားတို့ နှုတ်ဖျားမှာပါ ကိုသာခင့်အရက်မှ အရက်ဟု ပြောစမှတ်ပြုကြသည်။

အရက်မသုံးသူတွေအတွက် ကိုသာခင့်တဲမှာ ပင်ကျရည်ကောင်းကောင်းလည်း ရသည်။ အမြည်းကောင်းကောင်း ၊ ဆက်ဆံရေးကောင်းကောင်း ၊ ရွာပြင် မြင်ကွင်းကောင်းကောင်း ထန်းတောကုန်းဆိုတော့ ကိုသာခင့်ဆိုင် လူစည်သည်မှာ မပြောပါနှင့်တော့။ တောင်ရွာစကေးနဲ့ဆို ကိုသာခင်လို ဈေးဆိုင်နှင့် ၊ လှည်းနွား လယ်ယာ ချောင်းကန်နှင့် တောင့်တောင့်တင်းတင်း ရှိသူတစ်ဦးကို ရွာ့လူကုံထံဟု ဆိုရမည်ထင်သည်။ ကိုသာခင်က အရက်ချက်ကောင်းသလို စကားပြောလည်း ကောင်းသည်။ သူစကားပြောရင်း အာတွေ့ပြီဆို တခြားသူတွေ ထိုင်နားထောင်ပေတော့ပဲ။ 

တကယ်တော့ ကိုသာခင်သည် သဘောသက္ကာယလည်း ကောင်းသူဖြစ်သည်။ အလှူအတန်း ၊ အပေးအကမ်း ရက်ရောသည်။ ရပ်ရေးရွာရေး လက်မနှေးရုံတင် မဟုတ်။ ကိုယ်တိုင်ပင် မိုက်ကိုင် အလှူခံသည်။ ဒါကလည်း သူ့ဝါသနာတစ်ခု ထင်သည်။ ဗုဒ္ဓပူဇနိယပွဲ ၊ တရားပွဲ ၊ ကထိန်ပွဲ ၊ လမ်းပြင်ရန် ၊ ကျောင်းဆောက်ရန် စသည်ဖြင့် ခေါင်းစဉ်ပေါင်းစုံနှင့် အလှူခံဆိုလျင် ကိုသာခင်သာ မိုက်ကိုင် အလှူခံဆော်ဩတော့သည်။ 

အခါကြီးရက်ကြီး ဥပုသ်သီတင်းရက်တွေမှာလည်း သူပဲ နိဗ္ဗာန်ဆော်။ မနက် ၄ နာရီကြီး ချမ်းချမ်းစီးစီး ထ ၊ မိုက်တစ်လုံးဆွဲပြီး ဘုန်းကြီးကျောင်း ဓမ္မာရုံပေါ်ကနေ တရားစာတွေကို အသံနေအသံထားနှင့် ရွတ်ဖတ်တော့သည်။ ကိုသာခင်က ဘုန်းကြီးကျောင်းထွက်။ ပဉ္ဇင်းမတက်ခဲ့တာပဲ ရှိပေမယ့် ပရိတ်ကြီးကျေခဲ့တဲ့သူပေပဲ။ ဝါသနာနဲ့ အခံ ပေါင်းတော့ ဓမ္မကထိကလောက် မဟုတ်တောင် ဓမ္မသာကစ္ဆာမှာ တော်တော်ခရီးရောက်အောင် ပြောဟောတတ်သည် ဆိုရမည်။

ဘယ်လိုပင် ကိုသာခင် ရပ်ရွာအလုပ် လုပ်လုပ် ၊ သူလည်း အပြောအဆိုခံတော့ မလွတ်ပါ။ ကိုသာခင်နှင့် ရွယ်တူ သူ့အပေါင်းအသင်းတွေကဆို တည့်တည့်ပဲ ပြောသည်။ 

"ဟေ့ သာခင် မင်းဟာက ဘုန်းကြီးနဲ့ ဘီး ဖြစ်နေပါလားကွ။ အရက်ချက်ရောင်းပြီး နိဗ္ဗာန်ရောက်ကြောင်းတွေ ပြောတာတော့ စကားသန,ပါတယ်ကွာ"တဲ့

ကိုသာခင်လည်း ဘယ်ခံမလဲ။ ဘုန်းကြီးကျောင်းထွက်ချင်းအတူတူ စကားပိုတတ်တဲ့ ကိုသာခင်ပဲလေ။

"မြတ်ကျော်ရ မင်းမလည်း မစဉ်းစားတာကြာလို့ စကားကို ဖြစ်ကတတ်ဆန်းတွေ ပြောနေတာများလားဟာ။ တို့ကျောင်းသားတုန်းက  မင်္ဂလသုတ် သင်ဖူးသားပဲ။ အပ္ပမာဒေါစ ဓမ္မေသု - ကုသိုလ်ရမယ့်အလုပ်တွေ မမေ့မလျာ့ ဆောင်ရွက်ရမယ်ဆိုတာ။ ငါက မင်းတို့လို မေ့မေ့လျော့လျော့ မနေဘူးမောင်ရ။ ငါ့ဟာငါ ဝမ်းစာအရ အဆင်ပြေရာ ရှာဖွေစားနေရပေမယ့် အပ္ပမာဒေါစပဲဗျာ။ မောင်ရင်သာ ဥပုသ်နေ့ ဘယ်တော့တုန်း မေ့ချင်သာ မေ့မယ်။ ငါကဖြင့် ဥပုသ်ကို ဥပုသ်လို စောင့်တယ်။ အရက်ကို အရက်လို ချက်တယ်။ တစ်ကန့်စီပဲမောင်။"

ကိုသာခင့်အပေါင်းအသင်းတွေကလည်း သူ့သူငယ်ချင်းကို ကလိချင်၍ ထင်ပါသည်။ 

"မင်းပြောတော့ မင်းစကားပေါ့ သာခင်ရာ။ ဒီလို ပြောကြေးဆို ကိုယ့်လိပ်ပြာကိုယ်လုံအောင် အရေခြုံ သူတော်ကောင်းလုပ်ပြရာ မရောက်ပေဘူးလား" ဆိုတော့

"ဟ ကောင်ရ။ ပြောပြီးပါရောလား။ တစ်ကန့်စီဟ တစ်ကန့်စီ။ အရက်ရောင်းတဲ့အချိန်မှာ ငါက အရက်ဆိုင်ရှင် ၊ ရပ်ရွာအတွက် အလှူခံနေချိန်မှာ ငါက ဂေါပကပဲ။ အရက်ရောင်းတဲ့အချိန်မှာ ငါ့အရက် ဝယ်သောက်ကြပါ ၊ အရက်သောက်တာ ကောင်းပါတယ်လို့ ငါတစ်ခွန်း ပြောဖူးလား။ အေး အလှူခံမဏ္ဍပ်မှာ ငါမိုက်ကိုင်ရင်တော့ လှူကြတန်းကြပါ ၊ သံသရာဘေးမျှော်တွေးလို့ အရိပ်သဖွယ် ခိုကိုးစရာ ဒါနမျိုးစေ့ စိုက်ကြပါ။ သီလဆောက်တည်ကြပါ။ ဒါနနဲ့ သီလမပါ သေခါမှ သိကြပါမယ်လို့ ဓမ္မသံဝေဂဖြစ်အောင် နှိုးဆော်တာပဲ မင်းတို့ ကြားကြမှာ မဟုတ်ဘူးလား။ အရက်ရောင်းတဲ့အချိန် နဲ့ နိဗ္ဗာန်ဆော်လုပ်တဲ့အချိန် ငါ့မှာ ဘယ်စေတနာက ပိုထက်သန်မယ်လို့ မင်းတို့ထင်လဲကွ။ စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိလေကွာ" 

ကိုသာခင်က သူ့စကားကို ဘယ်သူများ လာထောက်ဦးမလဲ စောင့်လိုက်သေး။ ဘယ်သူ့ဆီကမှ အသံမထွက်တော့ ဆက်ပြောသည်။

"မင်းတို့ကောင်တွေကို ငါပြောရဦးမယ်။ မင်းတို့လည်း ရုပ်ထွက်နဲ့ လုပ်ရပ် မခွဲတတ်သေးလို့ပါ။ မင်းတို့လည်း ကြားဖူးတယ် ငါလည်း ကြားဖူးတယ်။ ဟေ့ ဗိုလ်အောင်ဒင်ထဲမှာ ဦးဘချစ်ကို အကြပ်ကိုင်ပြီး စက်သူဌေးဦးသင်းရဲ့ သေနတ်ပြန်တောင်းဖို့ မမြဝင်းကို ဗိုလ်အောင်ဒင် ပြန်ပေးဆွဲတာ သိတယ်မလား။ မမြဝင်းက မဆီမဆိုင် သူ့ကို ပြန်ပေးဆွဲပြီး ဦးဘချစ်ဆီက သေနတ်တောင်းလို့ ဒါသူတော်ကောင်းအလုပ်လား။ တရားသလားလို့ ရန်တွေ့တော့ ဗိုလ်အောင်ဒင် ဘာပြောလဲ။"

"ကျုပ် သူတော်ကောင်းမဟုတ်လို့ ဓါးပြဗိုလ်လုပ်နေတာ။ သူတော်ကောင်းအလုပ်လားလို့ ကျုပ်ကို မေးမှမေးရက်ပလေ။ ကျုပ် ဘုရားဒကာဗိုလ်အောင်ဒင်လား။ ဓါးပြခေါင်းဆောင် ဗိုလ်အောင်ဒင်လား။ သူတော်ကောင်းမဟုတ်ပေမယ့် အခုထိ ခင်ဗျားကို ကျုပ် လက်ဖျားနဲ့တောင် မတို့သေးဘူးနော်။ သူတော်ကောင်းမဟုတ်တဲ့ လူတွေထဲမှာ ကျုပ်အရိုးဆုံး ၊ သစ္စာအရှိဆုံးဆိုတာ။ "

"အေး မင်းတို့ စဉ်းစားကြည့်။ ဗိုလ်အောင်ဒင်က သူ့အလုပ်ကိုက ဓါးပြမို့ သူများပစ္စည်း လုရတယ် ယက်ရတယ်။ ဒါပဲ။ အလုပ်ချိန်ပြင်ပမှာ ဗိုလ်အောင်ဒင်မှာလည်း သူ့ကိုယ်ကျင့်တရားနဲ့သူပဲ။ လူကြီးလူကောင်းပီပီ  နေတာပဲ ။ မဟုတ်ဘူးလား။ သာခင်လည်း ဗိုလ်အောင်ဒင်လိုပဲကွ။ ရပ်တည်ရေးအရ အရက်ရောင်းရပေမယ့် ကိုယ်ကျင့်တရားအရတော့ ဒေါင်ဒေါင်မြည်ကောင်းတယ်။ သာခင်ခိုးတဲ့ အလှူငွေ တစ်ကျပ် စာရင်းပြနိုင်ရင် ပြကြည့်စမ်းပါ။ သာခင်ဘယ်လောက် ရိုးကြောင်း သစ္စာရှိကြောင်း သက်သေထူချင်လို့ပါ။"

ထပ်ပြီးလည်း ကိုသာခင်က သူ့လက်သုံးစကားနဲ့ ကြွေးကြော်သည်။

"ဟေ့ဒီမှာ လူဆိုတာ လုပ်ရပ်ကို ကြည့်ရတယ်ကွ။ ဘယ်သူပဲ ဘယ်ဝါပဲရယ်ဆိုပြီး သူ့ရုပ်ထွက် ကြည့်ရင် မှားမှာပေါ့" တဲ့။ 

ကိုသာခင်နဲ့ မဆုံတာ အတော်ကြာပါပြီ။ သူလှည်းအရောင်းရပ်သွားကတည်းက ဆိုပါတော့။ တစ်ခါတစ်ခါတော့ ကိုသာခင့်ကို သူအမှတ်ရမိသည်။ ကိုသာခင့်လောက်မှ ရုပ်ထွက်နဲ့ လုပ်ရပ်မမှန်တဲ့သူတွေ မြင်ရတွေ့ရလာလေလေ အမှတ်ရလေလေပါပဲ။

တချို့တွေ ကိုယ့်အနေအထားနဲ့ မအပ်စပ်တဲ့လုပ်ရပ်တွေ လုပ်နေတာ မြင်ရတဲ့အခါ ၊ ခေါင်းစဉ်တခြား လုပ်ရပ်တလွဲဖြစ်နေတဲ့ လူတွေကို တွေ့တဲ့အခါ ဒါမှဟုတ် မကောင်းတာကို ကန်းနေတဲ့ (ကန်းချင်ယောင်ဆောင်တာ များပါတယ်) သူတွေနဲ့ ဆုံတဲ့အခါမျိုးမှာ ဗိုလ်အောင်ဒင်နဲ့ ကိုသာခင်ကို သတိရမိပါသည်။ 

သူ သတိရတာတွေလည်း များနေပါပြီလေ။ 


- ငြိမ်းဝေမင်း