ဖဝါးနဲ့ ဖိနပ်

ဖဝါးနဲ့ ဖိနပ်

"ဖဝါးနဲ့ ဖိနပ်"

        မနက်မှာ

ဖိနပ်စီးတယ်

        အမည်မသိခရီးတစ်ခုအတွက်။


ဖဝါးနှစ်ဖက်အတွက် 

ဖိနပ်တစ်ရံ လိုပါသည်။

တစ်ခါတရံများမှာ

ဖိနပ်မပါ

ခြေဗလာသက်သက်

ခရီးဆက်ရပြန်သတဲ့။ ။

ဒီကဗျာကို ၂၀၁၄ ဇန်နဝါရီလက ရေးခဲ့တာ သမီးရဲ့။ ၂၀၁၄ ဟာ ဖေဖေရဲ့ ကဗျာနဲ့ စာတွေ အရေးဖြစ်ဆုံး နှစ်တစ်နှစ်ပဲ။ လူငယ်ဘဝရဲ့ အပေါက်ကွဲဆုံးနဲ့ ခံစားချက်တွေ အပြင်းပြဆုံးလည်း ဖြစ်နေတာကိုး။ အဲ့ဒီနှစ်တွေမှာ ဖေဖေဟာ မန္တလေးဆိုတဲ့ မြို့ကြီးကို ရောက်နေခဲ့တာပေါ့။ နောက်လာမယ့် ကဗျာတွေမှာ မန္တလေးအကြောင်းကို သမီးနဲ့ သေသေချာချာ မိတ်ဆက်ပေးသွားမှာပါ။

အဲ့တုန်းက တက္ကသိုလ်ကျောင်းသားဘဝ။ မြို့ရဲ့ အရှေ့မြောက်ဘက် ၁၃/၄ မိုင်လောက်ဝေးတဲ့ မန္တလေးကွန်ပျူတာတက္ကသိုလ်ကြီးမှာ ရောက်နေတာကိုး။ မဟာတန်း ဒုတိယနှစ်ပေါ့။ အဲ့ကျောင်းကြီးက ဒဟတ္တောဆိုတဲ့ ရွာလေးရဲ့ ထိပ်မှာ ရှိတယ်။ ဆည်တော်ကြီးလို့ခေါ်တဲ့ ရေလွှတ်မြောင်းကြီးကို ကျော်ရင် UCSM ဆိုတဲ့ ကွန်ပျူတာတက္ကသိုလ်ကို ဒုတ်ဒုတ်ထိ ရောက်တာပေါ့။ 

ကဗျာကို ရေးဖြစ်တဲ့အကြောင်းက တစ်နေ့ ကျောင်းကင်န်တင်းမှာ ထိုင်နေတုန်း ဆရာဦးသက်ထွန်း ရောက်လာတယ်။ နေ့လည်စာ လာစားရင်း ဖေဖေတို့ဝိုင်းကို ရောက်လာတာပါ။ အဲ့တုန်းက ဖေဖေနဲ့ နောက်တစ်ယောက်တော့ ရှိတယ်။ နာမည်နဲ့လူကို မေ့သွားပြီ။ ဆရာက ဖေဖေ့ကို ခင်ရှာပါတယ်။

သူလာရင်းနဲ့ ဖေဖေ့ကို စကားတစ်ခွန်းပြောသွားတယ်။ ချောင်းထဲ ရေဆင်းမချိုးဖို့တဲ့။ “ဘာဖြစ်လို့လဲ ဆရာ။ ကျွန်တော်တို့ အရင်ကလည်း ချိုးတာပဲလေ” လို့ ပြောတော့ ဆရာက ပြောတယ်။ တစ်နေ့က ကျောင်းတိုးချဲ့အဆောင် ဆောက်နေတဲ့ အလုပ်သမားတွေထဲက တစ်ယောက်ရေချိုးရင်းနဲ့ သေသွားလို့တဲ့။ သတင်းက ထူးပေမယ့် သိပ်ပြီးအဆန်းတော့ မဟုတ်ဘူး။ အဲ့ဒီဆောက်လုပ်ရေးသမားတွေက အလုပ်သိမ်းပြီး ကျောင်းထဲရေဆင်းချိုးလေ့ရှိတာကိုး။ ချောင်းကလည်း လူစားတယ်လို့ သတင်းကြီးနေတာကိုး။ 

သူပြောသွားတာလေးတစ်ခုပဲ ဖေဖေ့နားထဲ ကျန်နေခဲ့တာ။ “သေသွားတဲ့ ကောင်လေးက အငယ်လေးရှိသေးတယ်။ ၂၀ မဟုတ်ရင် အစိတ်ပဲ။ နွားထိုးကြီးဘက်ကလို့ ပြောတယ်။ မသေခင်နှစ်ရက်လောက်ကပဲ မြို့ထဲသွားရင် စီးဖို့ဆိုပြီး သားရေဖိနပ်သစ်လေး ဝယ်ထားတာ။ ရေနစ်သေတော့ ကမ်းပေါ်မှာ သူ့ဖိနပ်ဗူးလေး။ ဖိနပ်က တံဆိပ်တောင် မခွာရသေးဘူး။ အင်း... ရေမိုးချိုးပြီး မန္တလေးသွားဖို့ထင်ရဲ့။”တဲ့။

ကဲ... သမီးရေ ဖေဖေတို့ဟာ ဖိနပ်တွေ စီးကြတယ်။ ခရီးတွေ သွားကြတယ်။ ဒါပေမဲ့ ဘယ်ကိုပဲ သွားသွား တကယ်ရောက်နေတာ ဘဝတဏှာဆိုတဲ့ သံသရာစက်ကြီးပဲ ဖြစ်နေတယ်မဟုတ်လား။ ဖိနပ်သစ်ကလေးကို စွဲလမ်းခဲ့တဲ့ အဲ့ကောင်လေးဟာ ဖိနပ်မပါဘဲ နောက်ဘဝတစ်ခုကို သွားလိုက်ရပြီ။

တို့ ဗုဒ္ဓဘာသာမှာ ဒါန ၊ သီလ နဲ့ ဘာဝနာအကြောင်း စကားစပ်ပြီး ပြောလေ့ရှိတယ်မလား။ ရေဗူးနဲ့ဖိနပ်မပါ နွေခါမှသိ ၊ ဒါနနဲ့ သီလမပါ သေခါမှ သိတဲ့။ တရားစကားတွေ ပြောရတာ စိတ်နှလုံး မွေ့သိမ်နူးညံ့စေပါတယ် သမီးရယ်။ ဖေဖေက အဘိုးကြီးလို အိမ်ဦးခန်းထိုင်ပြီး တရားဟောတာလည်း မဟုတ်ရပါဘူး။

သို့ပေမယ့်လည်း ကောင်းကောင်းနေကြမယ် ၊ အစွဲတွေနဲ့ မတုပ်မိအောင် ဆင်ခြင်ကြမယ်လို့တော့ မတွေးကောင်းဘူးလား သမီးရဲ့။ ဘာလို့ဆို ဖိနပ်မပါဘဲ ခရီးထွက်ရတဲ့သူတွေလည်း ရှိကြတာကိုး။ 

- ငြိမ်းဝေမင်း