နေမဝင်မီ

နေမဝင်မီ

ဤအရပ်၌ မတ်လညများသည် နွေမဆန်တတ်သေးပါ။ မြမြအေးနေသည့် တောင်ကြားလေ တိုက်ခတ်လာသည့်အခါ ပို၍ သိသာပါသည်။ အဝေးလွင်ပြင်ဒေသများတွင် နေ့ခင်းဘက်အပူတို့ ဤအချိန်တွင် ရှိန်ရှိန်ထ ပူနေဦးမည် ထင်သည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပေထောင်ချီသည့်အရပ်တစ်နေရာတွင်တော့ ဥတုသည် သာတောင့်သာယာရှိနေဆဲပင်။ တစ်ဆောင်းလုံး ဝေခဲ့သည့် နှင်းတို့ ရှင်းပြီဖြစ်၍ ညကောင်းကင်သည် ကြယ်ရောင်တို့ဖြင့် ဝင်းဖိတ်တောက်နေတော့သည်။ မော့ကြည့်သည့်အခါ အာကာတစ်ခွင်သည် ပြာစင်သစ်လွင် နေသည်။ လေကတော့ နှင်းရနံ့မပြယ်သေး။ ထို့ကြောင့်ပင် ပို၍ နှစ်လို ရွှင်လန်းဖွယ်ဖြစ်နေသည်။ သို့သော် လေထဲတွင်ပင် အန္တရာယ်ရနံ့တစ်မျိုး လွင့်မျောနေသယောင်ခံစားရသည်။ ရွာကလေးပေါ် တိတ်တဆိတ် ခြုံလွှမ်းနေသည့် ထိုရနံ့ကို အင်္ဂဝိဇ္ဇာဖတ်မရ။ နောင်နှစ်တွေကြာမှ ကိုယ်ထင်ပြမည် ထင်သည်။

ညများတွင် ဝန်းကျင်သည် တိတ်ဆိတ်နေသည်က များသည်။ တစ်ခါတစ်ခါတွင်တော့ ရွာလယ်ပိုင်းက စီးပွားဖြစ်သွားကြသူတို့ ပစ်ဖောက်လိုက်သည့် မီးရှုးမီးပန်းသံလည်း တထိန်းထိန်း ကြားရတတ်သည်။ ဤအရပ်၌ စီးပွားဖြစ်သွားသည့် လူ ၂ မျိုးသာ ရှိသည်။ တစ်မျိုးက သတ္ထုသူဌေးတွေ လုပ်ငန်းအောင်မြင်သွားကြ၍ ဖြစ်ပြီး နောက်တစ်မျိုးက အကြီးအကျယ် ငါးမိ၍ ဖြစ်သည်။ ငါး ဆိုသည်မှာ တကယ်တော့ ဂိမ်းတစ်မျိုးကို ကိုယ်စားပြု ပြောခြင်း ဖြစ်သည်။ ငါးပစ်ဂိမ်းဆိုလျင် အားလုံး သိကြမည် ထင်သည်။ ငါးပစ်ဂိမ်းဆိုသော်ငြား ငါးတင်မဟုတ် ၊ ခြင်္သေ့ ၊ မိချောင်း စသည့် ကုန်းသတ္တဝါ ၊ ရေသတ္တဝါများနှင့် ဆန်းပြားသည့် ဂိမ်းတွေလည်း ရှိသည်။

တရုတ်ငွေ ယွမ် ၂၀ က စထည့် ကစားနိုင်သည့် ခုံတွေ ရှိသလို ယွမ် ၅၀/၁၀၀ ထည့်မှ ဂိမ်းထုနိုင်သည့် ဆိုင်တွေလည်း ရှိသည်။ မြန်မာငွေ မသုံးသည့်အရပ်ဖြစ်၍ ယွမ်နှင့် ပြောခြင်း ဖြစ်ပြီး မြန်မာကျပ်နှင့်ဆို ကျပ် ၁၂၀၀၀ ကနေ ၆၀၀၀၀ ကျော် ကျသင့်သည်။ ထိုငွေများအတွက် ကံစမ်းခွင့်သည် ကိုယ်ပစ်မည့် အမှတ်ပေါ် လိုက်၍ အချက်ရေ ဆယ်ဂဏန်းအနည်းအများသာ ရှိမည်။ မိနစ်ပိုင်းအတွင်း ယွမ်ငွေ ရာချီရနိုင်သလို ခဏချင်းအတွင်း ယွမ် ၂ ရာ ၃ ရာ လက်ဗလာဖြစ်သွားနိုင်သည်လည်း ရှိသည်။ ထိုအရာကို ထိုးသားများက ကံဟု ပြောသည်။ သို့သော် ထိုဂိမ်းအားလုံး ပရိုဂရမ် ရေးဆွဲထားသည်ချည်း ဖြစ်သည်။ မိချောင်းဂိမ်း ၊ ငါးဂိမ်းတွေကြောင့် တစ်ရက်တည်း ယွမ် ၅၀၀၀ ,၁၀၀၀၀ နိုင်သူတချို့ တွေ့ဖူးသည်။ ဂိမ်းရှုံးပြီး တစ်လအတွင်း ငွေ ၅၀၀၀/၆၀၀၀ ပါသွားသူတွေလည်း မြင်ဖူးသည်။ အကျိုးမပေး၍ မနိုင်သေးဟု ပြောသူတွေ ရှိသလို ဂိမ်းနဲ့ ထမင်းစားနေရသည်ဟု ပြောသူများလည်း ရှိသည်။ အမှန်ပင် တခြားဘာအလုပ်မှ မလုပ်ဘဲ ဂိမ်းထုခြင်းသက်သက်နှင့် စီးပွားရှာနေသူတွေ မနည်းပင် ရှိသည်။

တကယ်တော့ ဤအရပ်တွင် စီးပွားရှာရသည်မှာ အလွန်ဖြစ်ထွန်းလွယ်သည်။ အကုန်အကျများသော်လည်း တစ်ရက်တာ လုပ်ခ မြန်မာငွေ ၆ သောင်းကျော် ရသည့်နေရာဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ဝင်ငွေအကောင်းဆုံးအရပ်ဒေသဟု ပြောနိုင်မည် ထင်သည်။ နိုင်ငံ၏မြို့တော်ကြီးများတွင် ထိပ်တန်းပညာတတ်တစ်ဦး တစ်လ ၁၅ သိန်း/ သိန်း ၂၀ ရဖို့ ခက်သည်။ သို့သော် ဤရွာကလေး၌ စားသောက်ဆိုင် စားပွဲထိုးတစ်ဦးသည် ဝင်ဝင်ချင်း ယွမ် ၁၅၀၀ (မြန်မာငွေ ၉ သိန်း) အနည်းဆုံး ရသည်။ အသိတစ်ယောက်၏ ဇနီး ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းသည် တစ်လ ယွမ် ၂၂၀၀ (မြန်မာငွေ ၁၃ သိန်းခွဲ) ခန့် ရသည်။ သတ္ထုတွင်းဆိုက်မှ အလုပ်ကြပ်လုပ်သူသည် တစ်လ ယွမ် ၄၀၀၀ ကျော် ရသည်။ မြန်မာငွေနှင့်ဆို ၂၅ သိန်းနီးနီးပင်။ မြေတူးကား မောင်းသူတစ်ဦးသည် နေစားအငြိမ်း ယွမ် ၆၀၀၀/၇၀၀၀ မှ ဘာသာစကားပေါ် လိုက်ပြီး ယွမ် ၁၀၀၀၀ အထိ ရသည် ဟုတ် ဆိုသည်။

မြေရှားသတ္ထုရှာရာတွင် မြေတွင်းတူးရသည့် အလုပ်သမားတစ်ယောက်သည် မြေတစ်မီတာလျင် ယွမ် ၁၅၀ (မြန်မာငွေ ၉ သောင်းကျော်) ရသည်။ ထိုသို့ တူးသည်ကို အယ်ရာတူးသည်ဟု အရပ်ခေါ်ခေါ်သည်။ မြေစာသယ်ထုတ်နိုင်သည့် ပင်မဝင်ပေါက်ပင် မီတာ ၁၅၀ ခန့် တူးရပြီး ပင်မပေါက်တလျှောက် ငါးရိုးသဖွယ် ၅ မီတာ အရှည် အပေါက်ငယ်လေးတွေ ဖြာထွက်တူးရသေးသည်။ ထိုအလုပ်ပင် ပုတ်ပြတ်တစ်ဦးလျင် ယွမ် ၁၀၀၀၀/၁၂၀၀၀ စီသည်ဟု ဆိုသည်။ သို့သော် အသက်ကို မြေအောက်ထည့်လုပ်ရသည့် အလုပ် ၊ ညမနက် နေမမြင်လမမြင် တွင်းအောင်းနေရသည့် အလုပ်မျိုး ဖြစ်သည်။ လူတိုင်း မလုပ်နိုင်။ မလုပ်ချင်။ သတ္ထုဆိုက်များတွင် ပေါ့ပေါ့ပါးပါး လုပ်နိုင်သည့်အလုပ်တစ်မျိုးမှာ အထုံးခုတ်ဆိုသည့် အလုပ်ဖြစ်သည်။ အထုံးခုတ်သည်ဆိုသည်မှာ အယ်ရာတွင်းများထဲ တွင်းမပြိုမြေစာမပိစေရန် ဒေါက်ထောက်သစ်ကိုင်းထည့်ဖို့ ခပ်ရွယ်ရွယ် အပင်တွေ ခုတ်ပေးရသည့်အလုပ် ဖြစ်ပြီး အစည်းလိုက် ဈေးရသည်။ နောက်အလုပ်တစ်မျိုးက သတ္ထုတွင်းအတွက် လိုသည့် မြေဆီဟု ခေါ်သည့် အက်ဆစ်အိတ်တွေ ကားအဆင့်ဆင့် အတင်အချလုပ်ပေးရခြင်း ဖြစ်ပြီး ကားအရွယ်အစားနှင့် အထမ်းသမားအရေအတွက်ပေါ် လိုက်ပြီး ၁၀၀ မှ ၁၈၀ ခန့်အထိ ရနိုင်သည်။ သို့မဟုတ်လည်း သတ္ထုတွင်း ဆိုက်များတွင် အရပ်အခေါ် ကိုယ့်စရိတ်ကိုယ်စား ၉၅ ဆိုသည့် တစ်ရက် ၉၅ ယွမ်နှင့်လည်း နေ့စားဝင်လုပ်နိုင်သည်။ နေ့စားသမားအဖို့ တွင်းဖောက်ကနေ ပစ္စည်းသယ်အထိ ခိုင်းရာ လုပ်ရသည်။

သတ္ထုအလုပ်သည် အလွန်ဝင်ငွေဖြောင့်သည်ဟု ပြောနိုင်သည်။ သို့သော် အလွန်အန္တရာယ်ကြီးသည်။ ဘယ်၍ဘယ်မျှအထိ အန္တရာယ်လက်တံရှိသည်ကို အလွယ်မှန်းဆ၍ပင် မရနိုင်။ သေချာသည်ကတော့ ရေတိုအတွက်ရော ရေရှည်မှာပါ ကျန်းမာရေးပြဿနာ ၊ သဘာဝဘေးအန္တရာယ် ပြဿနာနှင့် လူမှုရေးပြဿနာအထိ ဖြစ်နိုင်သည်။ မြန်မာသည် တရုတ်မျက်စိကျရာ မြေရှားမိုင်းတစ်ခုထက် မပိုပေ။ အလွန်အန္တရာယ်များပြီး ရေရှည်ဆိုးကျိုးနောက်ဆက်တွဲများလှသဖြင့် တရုတ်နိုင်ငံတွင် အဘက်ဘက်က စည်းကမ်းတင်းကြပ်ထားသည့် မြေရှားထုတ်လုပ်ရေးကို မြန်မာတောင်တန်းများတွင် ထင်တိုင်းကြဲ ထုတ်သည်။ သဘာဝမိုးသစ်တောကြီးတွေ ခုတ်ကာ တွင်းဖောက်ပြီး အမိုနီယမ်ဆာလဖိတ်လောင်း သတ္ထုအရည်ဖျော်သည်။ အောက်စလစ်အက်ဆစ်နှင့် သတ္ထုသန့်စင်သည်။ တောင်များသည် အိုင်းအမာပေါက်ကြီးများသဖွယ် တွင်းပေါက်ရာ ဗရပွဖြစ်လျက် ၊ အက်ဆစ်နှင့် သတ္ထုတို့ ဓါတ်ပြုရာမှ စီးပျော်ကြလာသည့် ဝါညစ်ညစ် စွန့်ပစ်ရည်တို့က ကျန်းမာရေးအန္တရာယ်အသွယ်သွယ်ကို ဖိတ်ခေါ်လျက် ၊ မြစ်ရေသည် အဆိပ်ဖျော်ထားသည့် ချောင်းတစ်စင်းသဖွယ် စီးလျက် ၊ သတ္ထုလုပ်သားတို့အကြား မူးယစ်ဆေးဝါးပြဿနာ စိမ့်ဝင်လျက် ၊ သတ္ထုတွင်းခေါင်း တရုတ်တို့အတွက် ပျော်တော်ဆက်လိင်လုပ်သမ မြန်မာအမျိုးသမီးတို့၏ဘဝသည် ဖွပ်သထက် ညစ်လျက်။ အထူးသဖြင့် မှိုပေါက်အောင် မယားထား ပြီး ရှုပ်ထွေးနေသည့် လူမှုရေးပြဿနာက မျက်မြင် ဖြစ်သည်။ 

အရွယ်ကောင်း တင့်တယ်သည့် မြန်မာနှင့် ဒေသခံရှမ်း အမျိုးသမီးငယ်တို့သည် တရုတ်၏ မယားအင်္ဂါစဉ်ထဲမှ နံပါတ်တစ်ခုဖြစ်သည်။ တချို့ဆို မယားအယာပင် မမြောက်တော့။ စပွန်ဆာဟု ခေါ်သည့် လပေး လိင်ဖျော်ဖြေသည့်အဆင့်နှင့် ကျေနပ်နေရသည်။ ထို့အတွက် တန်ကြေးသည် စပွန်ဆာရှင်၏ ရက်ရောမှု ၊ ပွဲစားအဆွယ်ကောင်းမှုနှင့် အမျိုးသမီးငယ်၏ လှပရည်မွန် ဆွဲဆောင်နိုင်မှု ပေါ်လိုက်၍ တစ်လ ယွမ် ၄၀၀၀ မှ ၆၀၀၀ အထိ ရှိနိုင်သည်။ ပွဲစားအတွက် ချိတ်ဆက်ခ ပေးပြီးလျင် သိပ်ရလှသည့် ငွေမဟုတ်။ သားကွဲ မယားကွဲ မြန်မာပြည်လာ စီးပွားရှာသည့် တရုတ်က သူ့ အငှားမယားကို သူ့ကာမစိတ် ဖြေဖျောက်ရာ လိင်ဖျော်ဖြေရေး သက်သက်အတွက်သာ သုံးသည်။ အလိုမကျသည့်အခါ ၊ မူးယစ်ရမ်းကားလာသည့်အခါ ထင်တိုင်းကြဲလည်း နှိပ်စက်တတ်သည်။ ကျိုင်းခမ်းဈေးထဲတွင် တရုတ်နှိပ်စက်ချက်ကြောင့် မျက်လုံးတစ်ဖက် ပိတ်လျက်သား ယောင်ကိုင်းနေသည့် မြန်မာမချောချောလေးတစ်ဦးကို တွေ့ဖူးသည်။ ထိုမိန်းကလေးသည် ဆံပင်ကို မျက်နှာဖုံးလျက်သား ပုန်းကွယ်လျှိုးကာ ဈေးဝယ်လာခြင်း ဖြစ်သည်။ နုဖတ်နေသည့် အရေပြားပေါ် ခရမ်းရင့်ရောင် အကွက်ကွက်တွေနှင့် ဖူးယောင်လျက်သား ၊ လက်ဖျံလက်ချောင်းများတွင် အစင်းစင်း ခြစ်ရာတို့နှင့် ၊ နှုတ်ခမ်းဘယ်ထောင့်တွင်လည်း ပေါက်ပြဲကာ သွေးစတို့ ကပ်နေသည်။ ကျနော့်မှာ ရင်နာ၍ မဆုံး။ ထိုထက် ဆိုးသည့်အဖြစ်မျိုးလည်း ရှိသေးသည်။ စပွန်ဆာပေးထားသည့် တရုတ်က သူ့မိန်းကလေးကို စိတ်ကြိုက်သုံးဆောင်ပြီးနောက် လမစေ့ခင် တခြားတရုတ်ဆီ လက်လွှဲပြန်ရောင်းသည့်ကိစ္စပင်။ ကြားစက ယုံတောင် မယုံနိုင်ခဲ့။ သို့သော် မတတ်နိုင်ခဲ့။ တောမီးသည် လောင်ခဲ့ပြီ။ သားကောင်သည် နင်းခြေခံခဲ့ရပြီ။

အပြင်ပန်းအားဖြင့် ယွမ်နီနီသည် ကျေနပ်ဂုဏ်ယူဖွယ်ရာ ငွေရှာနိုင်ခြင်း ပြယုဂ်ဖြစ်နိုင်သည်။ အနှစ်အားဖြင့်မူ ချောင်းဆိုး ၊ အသက်ရှုကြပ် ၊ ကျောက်ကပ်ပြဿနာကနေ မူးယစ်ဆေးဝါး ၊ ရာဇဝတ်မှု နှင့် အကျင့်စရိုက်ပျက်သုဉ်းခြင်းအထိ ဦးတည်နေသည်။ ယာဆီမြေခမ်းခြောက်၍ သီးပင်ကောက်ပင် မဖြစ်ထွန်းတော့ခြင်းမှသည် ရေအရင်းအမြစ် အဆိပ်သင့်ခြင်း ၊ ကုန်းနေရေနေ ဇီဝမျိုးကွဲတို့ မျိုးသုဉ်းသေဆုံးခြင်း အထိ ဖြစ်လာနိုင်သည်။ သို့သော် သကြားအုပ်ထားသည့် အဆိပ်သည် ယခုတိုင် ချိုနေဆဲ။ ထိုအချိုလေး တစ်လွှာအတွက် တစ်ဘဝလုံး တစ်မျိုးဆက်လုံးအရေး မတွေးဘဲ မျက်စိမှိတ်အရသာခံနေကြဆဲ။ 

ဤအရပ်၌ ဥပဒေသည် တစ်ဘာသာ ဖြစ်သည်။ ယဉ်ကျေးမှုသည် တရုတ်-မြန်မာ-ရှမ်း သုံးမျိုးစပ်ရောပြီး အားကြီးရာနောက် ပါသည့်ပုံစံမျိုး။ ပြဿနာကြီး/ငယ် ဖြစ်တိုင်း တရုတ်နှင့် ဒေသခံဘက်က ရပ်တည်ခြင်းသာ မြင်ရသည်။ တရုတ်က ငွေရှိသည်။ ဒေသခံက သူ့ဒေသအားကိုး ရှိသည်။ ရွှေ့ပြောင်းမြန်မာတွေက ခံဘက်က များသည်။ ဘာသာစကားအခက်အခဲ ရှိသည်။ လူတန်းစားရပ်တည်မှု အနိမ့်အမြင့် ရှိသည်။ အစိမ်းအကျက် ပြဿနာရှိသည်။ ပြောမည်ဆိုလျင် အများသား။ ထို့ကြောင့်ပင် မြန်မာများက ပြဿနာမဖြစ်အောင် အမြဲရှောင်သည်။ ထိပ်တိုက် ကြုံလာချိန်တွင် တတ်နိုင်သမျှ လျှော့ပေးသည်။ ရှမ်းတို့က ကောင်းကောင်းမွန်မွန်ဆက်ဆံသည်။ ပွဲလမ်းသဘင်များ ရှိသည့်အခါ မြန်မာတို့ကို ပေးကမ်းကျွေးမွေးသည်။ တစ်ယောက်ကို တစ်ယောက် နားလည်လာသည့်အခါ ရှမ်းတို့၏ ဆက်ဆံရေးသည် အတော်နွေးထွေးသည်ကို အသိအမှတ်ပြုရပေမည်။ စစ်ကြီးကြောင့် အကျပ်ဆိုက်ကာ အိုးပစ် အိမ်ပစ်လာပြီး ရေကြည်ရာ အသက်မွေးသည့် မြန်မာတို့ကို စာနာပုံရသည်။

ထို့ကြောင့် အခါခါ ကျေးဇူးတင်ရပါသည်။ ထို့ကြောင့်ပင် ဤရွာကလေးပေါ် လွှမ်းနေသည့် လောင်းကစားအနံ့ ၊ စာရိတ္ထပျက်နံ့ ၊ ဂေဟစနစ် ဖျက်ဆီးသည့်အနံ့များကို စိုးရိမ်စိတ်ပူမိခြင်း ဖြစ်သည်။ ကျနော်နေထိုင်ရာ အဆောင်လေးရှေ့ ကွင်းပြင်မှသည် ရွာတန်းအဆုံးဆီ မျှော်ငေးမိသည့်အခါ တစ်နှစ်ထက် တစ်နှစ် မြေသားပြိုအက်ပဲ့ဖိတ်လာနေသည့် တောင်ကြီးကို မြင်ရပါသည်။ ထိုတောင်ကြီးကို အရပ်သားတို့က ခွန်ဆာတောင်ဟု ခေါ်ပါသည်။ တစ်ခေတ် တစ်ခါက ကမ္ဘာကြီးကို ခြောက်ခြားစေခဲ့သည့် မူးယစ်ရာဇာတစ်ယောက်၏ အမည်ဖြစ်သည်။ ထိုအမည်းစက် သည် ယခုထက်တိုင် ဤနယ် ဤရွာကို စွန်းထင်းခြောက်လှန့်နေဆဲ ဖြစ်သည်။ ယခုအထိလည်း မူးယစ်ဆေး အကြောင်းပြုပြီး အဖမ်းဆီးခံရမှုများ ၊ လောင်းကစားရုံအတွင်း ရှောင်တခင် စစ်ဆေးမှုများ အခါအားလျော်စွာ တွေ့နိုင်သည်။ သို့သော် လျော့ပါး ပျောက်ကွယ်သွားသည်ဟု မထင်။ 

ဤအရပ်တွင် စီးပွားရှာရအလွန်ဖြစ်ထွန်းလွယ်သည်ဟု ပြောခဲ့သည်။ အမှန်ပင် ဖြစ်သည်။ သို့သော် အားလုံးတွင် ပေးဆပ်မှုတစ်ခုခု ရှိနေသည်။ ထိုပေးဆပ်မှုတိုင်း၏ အဖိုးအခကလည်း ကိုယ်ရသည့် အလေးချိန်နှင့် အတူတူပင်။ တစ်ခါတစ်ခါ ကိုယ်ရလိုက်သည်ထက်မက အဆပေါင်းများစွာ ပေးဆပ်လိုက်ရသည်လည်း ရှိသည်။ အုပ်ချုပ်သူများကရော ဘာလုပ်နေကြသနည်း။ မြင်ရသည်ကတော့ တစ်နှစ်ထက်တစ်နှစ် အပင်သုဉ်း၍ တောင်ကတုံးဖြစ်ကာ ကလိုဏ်ပေါက်တွေ ပွသထက်ပွထလာသည့် တောင်များပင်။ ထိုတောင်များသည် တစ်နှစ်ထက်တစ်နှစ် အရေပြားကြီး ဟက်တပ်ပြဲသလို ပြဲလန်ပျက်စီးလိုက်လာနေသည်။ ရာသီဥတုသည် ထူးထူးခြားခြား တစ်နှစ်ထက်တစ်နှစ် မခံနိုင်အောင် ပူလာသည်။ တောင်ပြိုမှုတွေ ၊ ရေကြီးမှုတွေ ပိုပြီး ဖြစ်လာနေသည်။ ယခင်က တောစိမ်းစိမ်း တောင်စိမ်းစိမ်းများ တစ်နှစ်ခန့်အတွင်း ပျောက်ကွယ်သွားပြီး သတ္ထုဆိုက်အရေအတွက် ဆက်တိုက်တိုးပွားလာသည်။ တရုတ်တို့ စိတ်ရှိသလို သစ်ပင်ခုတ်ကာ တွင်းတူး သတ္ထုထုတ်နေချိန် အာဏာပိုင်တို့က နောက်ထပ်နောက်ထပ် တောင်တွေ ရောင်းကာ ပိုက်ဆံရှာဖို့ စဉ်းစားနေသည်။ လောင်းကစားရုံတွေ ဖွင့်ကာ ငွေရှာဖို့ လုပ်နေသည်။ အားလုံး အဆင်ပြေနေသည်ဟု အပေါ်ယံက ထင်မြင်နိုင်သည်။ လူတိုင်း အဆင်ပြေနေသည်ဟု ထင်စရာ ဖြစ်သည်။ ရွှေ့ပြောင်းလုပ်သားများ အလုပ်အကိုင်ကောင်းရပြီး ငွေရွှင်နေသည်။ ဤအရပ်၏ ကြွေးကြော်သံ ဆောင်ပုဒ်လို ငြိမ်းချမ်းစည်းလုံး ဖွံ့ဖြိုးဆိုသည်မှာ အလုပ်ဖြစ်နေသည်ဟု ယူဆဖွယ်ရာ ဖြစ်သည်။ သို့သော် သဘာဝကြီးသည် အမှုစီရင်နေသည့် တရားသူကြီးတစ်ယောက်လို ပြစ်မှုကျူးလွန်သူကို သေချာအောင် ဆုံးဖြတ်ချိန်ဆနေပေမည်။ တချိန်ချိန်တွင် ဤနေရာသည် စီရင်ခြင်းခံရတော့မည်။ 

ထိုအချိန်တွင် တောတို့ ပြုန်း၍ တောင်တို့ ပျက်စီးရော့မည်။ အပင်တို့ သေ၍ ရေတို့ အဆိပ်ဖြစ်ရော့မည်။ လူတို့ နာ၍ ရွာတို့ ပျက်တော့မည်။ သဘာဝဘေးတို့ အလီလီအဖုံဖုံ ကြုံဆုံကောင်း ကြုံရနိုင်သည်။ နောက်ဆုံးတွင် ဘာမှ စိုက်ပျိုး၍ မဖြစ်သည့် ဤဖုန်းဆိုးမြေကို သတ္ထုတူးသူ တရုတ်ဧည့်သည်တို့ စွန့်တော့မည်။ မှော်နှင့်အတူ ပါလာသည့် လောင်းကစား ၊ မူးယစ်ဆေးဝါးနှင့် အပျော်အပါးတို့ဖြင့် မျက်နှာဖုံးတပ်ကာ လှည့်စားမှုတို့ တဖန် နှိပ်စက်လာရော့မည်။ အရပ်တပါးမှ ရေကြည်ရာ ရောက်လာသူတို့ တခြားတစ်နေရာ ရွှေ့ကြမည်။ ထိုအချိန်သည် နောက် ၅ နှစ်လည်း ဖြစ်နိုင်သည်။ ဆယ်နှစ်လည်း ဖြစ်နိုင်သည်။ မဆင်မခြင် ဖျက်ဆီးခွင့်ပြုသရွေ့ ပျက်စီးမှုသည် အနှေးနှင့်အမြန်ဆိုသလို ရောက်လာမည်သာပင်။ ကန္တာရသဖွယ် ခြောက်သွေ့ပျက်စီး ကျန်ခဲ့မည်မှာ ဤရွာကလေးသာ။ 

ထိုအချိန် မရောက်ပါစေနှင့်ဟု ဆုတောင်းပါသည်။ သို့သော် ဆုတောင်းပြည့်ဖို့ မသေချာ။ မြန်မာပြည်သည် အစိတ်စိတ်အမွှာမွှာ ပျက်စီးယိုင်နဲ့နေပြီ။ အာဏာသိမ်းပြီးနောက် မျက်စိတစ်မှိတ်ချင်းဆိုသလို မြန်မာပြည်၏ ကံကြမ္မာသည် အဆိုးဆုံးအမှောင်ကို ဦးတည်ခဲ့သည်။ အုပ်ချုပ်ရေးရှိသော်လည်း မင်း မရှိတော့။ ပြည်တွင်းမှရော ၊ အရပ်ထဲမှရော ၊ နိုင်ငံရပ်ခြားကပါ လာအုပ်ချုပ်နေသည် ဖြစ်ရာ ပြည်သူသည် မည်သူ့အဖေခေါ်ရမှန်းမသိအောင် မျက်စိလည်သွားပြီ။ နိုင်လိုမင်းထက် ပြုကျင့်မှု ၊ လူ့ဂုဏ်သိက္ခာမဲ့ ဆက်ဆံခံရမှု ၊ အသက်အိုးအိမ် စည်းစိမ် မလုံခြုံမှု ၊ လူ့အခွင့်အရေး ပျောက်ဆုံးမှု ၊ ဆင်းရဲတွင်း နက်မှု ၊ နိုင်ငံနှင့် နိုင်ငံသားတို့ တန်ဖိုး ယုတ်လျော့မှု ၊ ပညာရေး ၊ လူ့စွမ်းအားအရင်းအမြစ် နိမ့်ကျမှု ၊ လူလုပ်ဘေး နှင့် သဘာဝအန္တရာယ်တို့၏ ဖျက်ဆီးမှုတို့သည် တတိယတန်းစားနိုင်ငံအတွက် အမြဲတစေ ခြောက်အိပ်မက်ကြီး ဖြစ်နေဆဲ။ အနာဂါတ်တွေ ဘယ်လိုနေမလဲဆိုတာ သိနိုင်ဖို့ ကျနော်တို့ အနီးစပ်ဆုံး လုပ်နိုင်သည့်အရာမှာ ပစ္စုပ္ပန်ဖြစ်ရပ်တွေရဲ့ အကျိုးကို ချိန်စက်ရန်သာ ဖြစ်မည်ဟု ထင်သည်။ ကျနော် မြင်နေရသည့် ပစ္စုပ္ပန်သည် ကြောက်ဖွယ်ကောင်းအောင် ညစ်ထေး မှောင်မိုက်နေသည်။ အန္တရာယ်ဆီ အရှိန်တင် ပြေးနေသည်။ ထို့ကြောင့်ပင် ကျနော်တို့သည် နိုင်ငံ့ အနာဂါတ်အပေါ် ဘုရားတ,နေခြင်း ဖြစ်သည်။ သို့သော် ဘုရားကယ်မည်လော မပြောနိုင်တော့။ နေမဝင်မီ ဤနေရာကို ကျနော်ရောက်ခဲ့သည်ဟုသာ ပြောနိုင်တော့မည် ထင်သည်။

- ငြိမ်းဝေမင်း